သတင်း

ချင်းပြည်နယ် ရိခေါရ်ဒါတွင် တိုက်ပွဲဖြစ်၊ CNDF အဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ရ်ဒါမြို့တွင် မတ် ၂၆ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းဒေသအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဖွဲ့ဝင်နှစ်ဦး အဖမ်းခံလိုက်ရသည်။

“တာဝန်ယူတဲ့သူ ၂ ယောက် မိသွားတယ်။ ကျွန်တော်တို့က မြို့တွင်းတစ်နေရာမှာ နေရာယူထားတဲ့အတွက် အဲဒီနေရာကို လာပစ်တာ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားပေါ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အလံလွှင့်ထူထားသည့် ဓာတ်ပုံများ လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့လာပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက CNDF အဖွဲ့ နေရာယူထားသည့် နေရာကို လာရောက်တိုက်ခိုက်ခြင်းသည်။ 

“အဲဒီကိစ္စမကျေနပ်လို့ လာပစ်တာနေမှာ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မတ်လ ၂၆ ရက် နံနက် ၅ နာရီမှ ၆ နာရီထိ ဖြစ်ပွားသည့် တိုက်ပွဲတွင် CNDF အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း CNDF အဖွဲ့ဝင်က ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံက အတည်ပြုထားသည့် နိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူသွားကြောင်းလည်း သူက ပြောသည်။

ချင်းပြည်နယ်အတွင်း လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ငွန်ဆန်းအောင်က ဖေဖော်ဝါရီလ ၁၃ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ညည်းတွားခဲ့ဖူးသည်။

“လုံခြုံရေး စိတ်မချရ” ဟု ဆိုကာ နယ်မြေစစ်ဆေးရေးခရီး မထွက်ဝံ့ဟု သူက ဆိုခဲ့သည်။ ထို့အတူ လုပ်ကြံပစ်ခတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုင်ကြားခဲ့သည်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်ရာ ဖလမ်းမြို့နယ်၊ ရိဒ်ကုန်သွယ်ရေးစခန်းနှင့် နှစ်မိုင်ခန့်အကွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက စိုးမိုးကာ အခွန်ကောက်ခံနေသဖြင့် စစ်ကောင်စီပုံရိပ် ကျဆင်းနေသည်ဟုလည်း ငွန်ဆန်းအောင်က ဆိုခဲ့သည်။

ထို့နောက် နှစ်ပတ်ခန့်အကြာ မတ်လဆန်းပိုင်းမှစ၍ ရိခေါ်ဒါရ်မြို့ တီအိုချောင်းအနီး တပ်စခန်းတွင် စစ်တပ်က အင်အား ၃၀ နီးပါး ဖြည့်တင်းပြီးနောက် ဒေသခံကာကွယ်ရေးအဖွဲ့များက မကြာခဏ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရိခေါ်ဒါရ်မြို့တွင် တိုးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် စစ်သား ၂ ဦးမှာ ယခုလဆန်းပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။

ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံ နှစ်ထောင်ဝန်းကျင်မှာ ကပ်လျက်တည်ရှိရာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုကထာရ်ရွာတွင် စစ်ဘေးရှောင်နေကြသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button