သတင်း

ထောင်ကျနေသည့် ကလေးစစ်သားဟောင်း ပုဒ်မတစ်ခုဖြင့် အမှုထပ်ရင်ဆိုင်ရမည်

ရန်ကုန် – နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် နှစ်နှစ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် နောက်ထပ်ပုဒ်မတစ်ခုဖြင့်ပါ ထပ်မံတရားစွဲဆိုရန် ဗိုလ်တထောင်မြို့နယ်တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

ကိုအောင်ကိုထွေးသည် ယခုနှစ် ဇန်နဝါရီလအတွင်းက ဒဂုံဆိပ်ကမ်းတရားရုံးရှေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့်တက်နင်းသည်ဟု အမှုဖွင့်ခံထားရပြီး ၎င်းအတွက် ဗိုလ်တထောင်တရားရုံးက နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) ဖြင့် စွဲချက်တင်ရန် အမိန့်ချလိုက်ခြင်း ဖြစ်သည်။

သို့သော် အဆိုပါနေ့က အခြေခံဥပဒေစာအုပ်ကို တက်နင်းခဲ့သည်ဟု ကနဦးအမှုဖွင့်ခံရသူများထဲတွင် ကိုအောင်ကိုထွေး မပါဝင်ဘဲ ၎င်း၏အစ်မအပါအဝင် အမျိုးသမီးသုံးဦးကိုသာ ဒဂုံဆိပ်ကမ်းရဲစခန်းက နောက်ငါးရက်အကြာတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားရုံးထုတ်သည့်အခါကျမှ ကိုအောင်ကိုထွေးကို ထပ်မံဆွဲသွင်းကာ တရားစွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

“(ပထမ)တိုင်ချက်မှာ ကိုအောင်ကိုထွေးနာမည် တစ်ခုမှမပါဘူး။ အမျိုးသမီးနာမည်တွေပဲပါတာ။ အဲ့ဒါကို သူ့ကို ဆွဲထည့်တာ။ ဒီနေ့ တရားသူကြီးက အခင်းဖြစ်တဲ့နေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နင်းတယ်ဆိုတဲ့ စွပ်စွဲချက်ရှိတာကို ဖြေရှင်းနိုင်ဖို့ စွဲချက်တင်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါနေ့က တရားရုံးရှေ့ဆန္ဒပြသူများက တရားရုံးကိုမကျေနပ်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေစဉ် ကိုအောင်ကိုထွေးသည် လက်ထိတ်ခတ်ခံထားရသည့်အတွက် လှုပ်မရသည့်အခြေအနေ တွင် ရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို တက်နင်းမိခဲ့သည်ဆိုလျှင်တောင်မှ ရုန်းရင်းဆန်ခတ်အနေအထားတွင် ရှိနေသဖြင့် ၎င်းကို လုံခြုံရေး စောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်များ တွင် အဓိက တာဝန်ရှိနေသည်ဟု ရှေ့နေက ဆိုသည်။

ကိုအောင်ကိုထွေးနှင့်အတူ ၎င်း၏အစ်မအပါအဝင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့လည်း အမှုဖွင့် ခံထားရပြီး ၎င်းတို့ကို တရားခံပြေးအဖြစ် သတ်မှတ်ထားသည်။

ကိုအောင်ကိုထွေးသည် အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝ ၂ဝဝ၈ ခုနှစ်က အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီး အပြန် ရန်ကုန်ဘူတာကြီးအရောက် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

မိသားစုနှင့်ပြန်အဆက်အသွယ်ရချိန်တွင် ကိုအောင်ကိုထွေးသည် တပ်မှ ၎င်းနှင့်အတူတူထွက်ပြေးသူတစ်ဦး ကျူးလွန်သည့် လုယက်မှုနှင့်ဆက်စပ်ပြီး သေဒဏ်ချခံထားရသည်။ ထိုအချိန်က ၎င်း၏အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်။

နောက်ပိုင်းတွင် ၎င်းကို သေဒဏ်မှ ထောင်ဒဏ်တစ်သက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ထောင်ဒဏ် ၁ဝ နှစ်သို့ အသီးသီး လျှော့ချပေးခဲ့သည်။

၂၀၁၇ ခုနှစ် အသက် ၂၆ နှစ်အရွယ် ထောင်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့်နေထိုင်စဉ် ၎င်း၏ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက တွေ့ဆုံမေးမြန်းကာ ယင်းနှစ် ဩဂုတ် ၁ဝ ရက်နေ့တွင် အင်တာဗျူးကို ထုတ်လွှင့်ခဲ့သည်။

အဆိုပါအင်တာဗျူးတွင် တပ်မတော်အချုပ်ခန်း၌ ခုနစ်လကြာ ချုပ်နှောင်စစ်ဆေးခံရစဉ် နှိပ်စက်မှုဒဏ်ကို မခံနိုင်သည့်အတွက် ပြစ်မှုကျူးလွန်သည်ဟု လက်မှတ် ထိုးပေးလိုက်ရကြောင်း ကိုအောင်ကိုထွေးက ပြောပြထားသည်။

အင်တာဗျူး ထုတ်လွှင့်အပြီး ရှစ်ရက်အကြာတွင် ၎င်း အဖမ်းခံခဲ့ရကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။ ယင်းအမှု ကြားနာစစ်ဆေးစဉ် တရားရုံး၏ စစ်ဆေးမှု မျှတခြင်းမရှိဟု ဆိုပြီး သပိတ်မှောက်ရာ တရားရုံးမထီမဲ့မြင်ပြုမှု ရာဇသတ်ကြီးပုဒ်မ ၂၂၈ အရ ထောင်ဒဏ်ခြောက်လ ထပ်မံ ချမှတ်ခံခဲ့ရပြန် သည်။

အကယ်၍ ယခု ထပ်စွဲသည့် နိုင်ငံတော်အထိမ်းအမှတ်ဥပဒေအရပါ အပြစ်ရှိသည်ဟု ရုံးတော်က ဆုံးဖြတ်ပါက အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ထပ်တိုးဖွယ်ရှိသည်။

Related Articles

Back to top button