
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ (မတ် ၂၄) နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာစဉ် ရွာသားများတိမ်းရှောင်နိုင်ရေး ကင်းစောင့်ပေးနေသူနှစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အင်အား ၈၀ ခန့်ရှိ စစ်ကြောင်းဝင်ရောက်လာစဉ် အသတ်ခံရသူနှစ်ဦးမှာ ခင်ဦးမြို့အနောက်ဘက် ရေဦးမြို့မှ အရှေ့ဘက် နှစ်မိုင်အကွာ မူးမြစ်ဘေးရှိ ယာတောကျေးရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ဖြစ်သော အသက် ၃၂ နှစ်အရွယ် ကိုသိန်းအေးနှင့် ၄၀ နှစ်အရွယ် ဦးမောင်အေးတို့ဖြစ်ကြောင်း သိရသည်။
ရေဦးမြို့ဘက်မှ ခြေလျင်ချီတက်လာပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် ယာတောရွာအနီး ရောက်ရှိလာစဉ် ဖမ်းဆီးခံရကြောင်း၊ ၎င်းတို့နှစ်ဦးမှာ ရွာသားများလုံခြုံရေးအတွက် စစ်တပ်လာရာလမ်းကြောင်းကို ကင်းထောက်နေသူများဖြစ်ကြောင်း ခင်ဦးမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့(စစ်သား) အကုန်သွားလောက်ပြီ ထင်ပြီး ကလေးတွေက သူတို့ရှိမရှိ နောက်ကနေ သတင်းလိုက်ယူကြတာ။ ကင်းပုန်းချန်ထားခဲ့တာနဲ့ တိုးပြီးတော့ ပစ်သတ်ခံလိုက်ရတာ။ သူတို့က ရွာဦးဆောင်တဲ့သူတွေဆိုတော့ ရွာအတွက် သတင်းယူပေးကြတာပါ” ဟု ၎င်းက ပြောသည်။
စစ်တပ်က ဖမ်းမိသူတိုင်းကို အရှင်မထားဘဲ ဥပဒေမဲ့သတ်ဖြတ်နေကြောင်းလည်း အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။
“သူတို့နှစ်ယောက်က မိုင်းဆွဲဖို့ ဘာဆွဲဖို့ မဟုတ်ဘူးရယ်။ တကယ်တမ်းက ကိုယ့်ရွာကို သတင်းပေးဖို့ပဲ။ ရွာထဲ ဝင်မဝင်သိအောင် ဘယ်သွားတယ်တို့ သိအောင် သတင်းထောက်တဲ့ကလေးတွေ”
ယာတောရွာမြောက်ဘက် မူးမြစ်ကမ်းတာပေါင်အနီး ပကဖအဖွဲ့ဝင်နှစ်ဦး အဖမ်းခံရသည်ကို တွေ့မြင်ရကြောင်း၊ အလှမ်းဝေးသဖြင့် သတ်ဖြတ်ပုံအသေးစိတ်ကို မမြင်ရဘဲ သေနတ်သံကိုသာ ကြားရသည်ဟုလည်း စစ်တပ်ဝင်ရောက်စဉ် ထွက်ပြေးပုန်းအောင်းနေရသူ ရွာခံတစ်ဦးက ပြောသည်။
“သေနတ်သံ ရှစ်ချက်ထွက်လာတယ်။ ခဏနေတော့ မီးခိုးတွေထွက်လာတယ်။ ဆိုင်ကယ်တွေကို မီးရှို့တာ။ အဲဒီအချိန်မှာ သွားပြီဆိုတာ သိလိုက်ရတယ်။ ကင်းပုန်းဝပ်တဲ့ကလေးတွေဆိုတာ သိလိုက်ရတယ်” ဟု ထိုရွာခံအမျိုးသားက ပြောသည်။
“တေ့ပစ်လို့ပါ့။ လည်ချောင်းတည့်တည့် ပစ်ထားတာ။ အပေါက်တော်တော်ကြီးတယ်။ ခေါင်းတွေလည်း ဒင်နဲ့ ထုထားဟန် တူပါတယ်။ ဦးနှောက်တွေကို ထွက်လို့။ ညာဘက်ခြေထောက်လည်း လိမ်ပြီးချိုးထားတယ်။ လူစိတ်ကို မရှိတာ”
စစ်တပ်က ဖမ်းဆီးသတ်ဖြတ်သည့် ပကဖအဖွဲ့ဝင် ရွာသားနှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ မီးသင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။
ယာတောရွာ၌ ဒေသခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ်ထောင်ရွာသို့ သွားရောက်တပ်စွဲထားကြောင်း၊ ထိုရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စစ်သား ၃၀ နီးပါးနှင့် ပျူစောထီးအဖွဲ့ဝင်များ ရှိနှင့်ပြီးသားဖြစ်ကြောင်း သိရသည်။
ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသော စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖျက်ဆီးရာတွင် ၎င်းတို့ဖွဲ့စည်းလေ့ကျင့်ပေးထားသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေသည်။
စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အဖွဲ့ ၇၇ ဖွဲ့ကို လက်နက်တပ်ဆင်ပေးထားကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပွဲတွင် စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြခဲ့သည်။
ယနေ့ ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင်လည်း ပြည်သူ့စစ်များ တိုးချဲ့ဖွဲ့စည်းကာ စစ်ရှိန်မြှင့်တင်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုသည်။
ယခုလဆန်းပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို အရှိန်မြှင့်စီးနင်းတိုက်ခိုက်ရင်း မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ အဆက်မပြတ်ပြုလုပ်နေရာ ခင်ဦးမြို့နယ်ရှိ ကျေးရွာများလည်း အပါအဝင်ဖြစ်သည်။
ခင်ဦးမြို့နယ်အတွင်း ပြီးခဲ့သည့်လနှင့် ယခုလအတွင်း ဆက်တိုက်စီးနင်းခံရသောကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အများအပြား သတ်ဖြတ်ခံရသည့်နည်းတူ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများလည်း တိုးလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)