စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် ၇ မိုင်အကွာရှိ ထန်းဘဲလှကျေးရွာရှိ စစ်ရှောင်ဒုက္ခသည်များကို ယမန်နေ့ (မတ် ၂၂) နံနက်ပိုင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၈ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု PDF နှင့် ဒေသခံအချို့က ပြောသည်။
ရွာသို့ စစ်ကြောင်းချီတက်လာသည့် သတင်းကြား၍ ရွာထိပ်တောစပ်တွင် တိမ်းရှောင်နေချိန် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သေဆုံးသူ မောင်ဉာဏ်ဖြိုး၏ ၄၃ နှစ်အရွယ် မိခင်ဖြစ်သူက အတည်ပြုသည်။
“ဝင်လာကတည်းက လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော အကုန်းလုံးကို အုန်းအုန်း အုန်းအုန်းနဲ့ ပစ်ခတ်ပြီးဝင်လာတော့ တစ်ကွင်းလုံးကို မီးခိုးတွေကို မှိုင်းသွားတော့ ဘယ်မှ ပြေးမဖြစ်တော့ အကုန်လုံးမှောက်နေရတာပဲ” ဟု ၎င်းက ပြောသည်။
လယ်ကွင်းစပ်ရှိ မန်ကျည်းပင်အောက်တွင် ရွာခံတချို့နှင့်အတူ ပုန်းအောင်းနေချိန် လက်နက်ကြီးကျည် ကျခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“သားအမိ ၂ ယောက်အတူတူ၊ လူတွေလည်း အများကြီးပဲ၊ မန်ကျည်ပင်ရိပ်မှာ ဝပ်နေကြတုန်းမှာ သူက ထိသွားတာ” ဟု ကလေးမိခင်က ပြောသည်။
ဒဏ်ရာရရှိခဲ့သူများထဲတွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ဒေသခံများထံမှ သိရသည်။
မိနစ် ၃၀ ကြာ ပစ်ခတ်ပြီးနောက် စစ်တပ်က ထန်းဘဲလှကျေးရွာမှ အမျိုးသား ၁၀ ဦးထက်မနည်းကို PDF နှင့် ဆက်စပ်မှုသံသယနှင့် ချုပ်နှောင် နှိပ်စက်ခဲ့ပြီးနောက် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့က ပြောသည်။
လယ်ကွင်းအတွင်းသို့ ခေါ်ဆောင်ခံရကာ ရွှံ့ဗွက်အိုင်ထဲတွင် ၎င်းတို့၏ ဦးခေါင်းများကို နှစ်မြှုပ်ထားကြောင်း၊ ဖမ်းခံရသူများထဲတွင် ပါဝင်ပြီး ဦးခေါင်းပေါက်ပြဲ ဒဏ်ရာကို ဆေးကုနေရသည့် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ရွှံ့ထဲမှာ ခေါင်းတွေကို ဖနောင့်တွေနဲ့ ပေါက်ပြီးတော့ သေနတ်ဒင်တွေနဲ့ ထုပါတယ်။ ကျွန်တော်တို့ရင်ဘတ်တွေဆိုရင်လည်း ညိုမည်းထွက်နေတာ။ ကျွန်တော်တို့ကို တော်တော်ကို နှိပ်စက်တာဗျာ။ ကျွန်တော်တို့ကတော့ မသေရုံ အသက်ရှင်နေခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
“ခေါင်းတွေကို ရေထဲကို နှစ်လိုက်၊ ဖနောင့်နဲ့ ပေါက်လိုက်၊ ဖိနပ်တွေနဲ့ ကန်လိုက်နဲ့ ခေါင်းတွေကိုလည်း သေနတ်ဒင်တွေနဲ့ ဆောင့်လိုဆောင့်ပေါ့၊ ဓားတွေနဲ့ လည်ပင်းကို ရစ်လိုရစ်ပေါ့”
ထိုသို့ နှိပ်စက်ပြီးနောက် ၎င်းတို့ကို လွှတ်ပေးခဲ့ပြီး လက်မောင်းတွင် ကျည်ထိမှန်ထားသူ ၂၇ အရွယ် ကိုအောင်ဖြိုးထွန်း၊ အသက် ၅၀ ကျော်အရွယ် ဦးစိန်ချိုတို့ကို စစ်တပ်က ဖမ်းခေါ်သွားကြောင်း၊ လွတ်မြောက်ခဲ့သူများမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါအမျိုးသားက ပြောသည်။
“ပြည်သူတွေကို ပြောချင်တာကတော့ ကျွန်တော်တို့လိုမဖြစ်အောင် သူတို့နဲ့ မတွေ့အောင် ဘေးလွတ်ရာကို ရှောင်နေကြဖို့ပါဗျာ” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့က ဘာမှမှ လုပ်မရတာ။ ခေါင်းတောင် မဖော်နိုင်ခဲ့ရပါဘူးဆိုမှဗျာ”
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို အသေးစိတ်အချက်အချို့ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထိုစစ်ကြောင်းမှာ ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်းသို့ မတ် ၂၁ ရက်တွင် ဝင်လာခြင်းဖြစ်ပြီး ရေဦး-တမာတော လမ်းတစ်လျှောက်ရှိ ဇီးတောကြီး၊ ချောင်းနားရွာသစ်၊ ပေါက်တော၊ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခဲ့ကာ ချောင်းဆုံကျေးရွာတွင် တပ်စွဲခဲ့သည်ဟု ဒေသခံ PDF အဖွဲ့များထံမှ သိရသည်။
ချောင်းဆုံရွာမှ အထွက်တွင် ထန်းဘဲလှကျေးရွာမှ စစ်ရှောင်သူများနှင့် ထိပ်တိုက်တွေ့ပြီး ထိုသို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ နှေကုန်းရွာသို့ ထိုစစ်ကြောင်း ဆက်လက်ထွက်ခွာပြီးနောက် ရေဦးမြို့ဘက်သို့ ပြန်နေပြီဖြစ်ကြောင်း PDF အဖွဲ့များက ပြောသည်။
ခုခံမှုများအရှိန်မြှင့်နေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ရွာစဉ်လှည့် မီးရှို့၊ ပစ်ခတ်၊ သတ်ဖြတ်၊ ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်နေပြီး အချို့နေရာများတွင် လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ မှ ယမန်နေ့ (မတ် ၂၂) အထိ စစ်တပ်လက်ချက်ဖြင့် သေဆုံးသူ ၁၇၀၀ ထက်မနည်း ရှိသည်ဟု ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို လက်လှမ်းမီသလောက် မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ ထုတ်ပြန်ထားသည်။
ထိုအသင်း၏စာရင်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု စစ်ကောင်စီက တုံ့ပြန်ဖူးသည်။
ဖမ်းဆီးသတ်ဖြတ်မှု၊ အိမ်မီးရှို့မှုများနှင့် ပတ်သက်ပြီး ငြင်းဆန်လေ့ရှိသည့် စစ်ကောင်စီက ၎င်းတို့သည် ပြည်သူလူထုနှင့် နိုင်ငံလုံခြုံရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားနေသည်ဟု သတင်းထုတ်ပြန်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)