သတင်း

ထောင်ဝင်စာပို့ပေးနေသူ လူငယ်သုံးဦး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံရ

မိသားစုနှင့် အဆက်အသွယ်မရသော အကျဉ်းကျကျောင်းသားများကို လစဉ် ထောင်ဝင်စာပို့ကြသည့် အသက် ၂၀ ကျော်အရွယ် လူငယ်သုံးဦး အကြမ်းဖက်ပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ခံရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ)အဖွဲ့ချုပ်က အတည်ပြုသည်။

မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးကို၊ ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး မသီရိရတနာ၊ စဉ့်ကူးမြို့နယ် မကွေးတရာမူလတန်းလွန်ကျောင်းမှ CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ကို မတ် ၂ ရက်ကတည်းက စစ်ကောင်စီက ဖမ်းထားခြင်းဖြစ်သည်။

အမရပူရမြို့နယ် မှန်တန်းရပ်ကွက်တွင် ဖမ်းခံရပြီး မြို့နယ်ရဲစခန်းတွင် နှစ်ပတ်ကျော်သည်အထိ ထားကာ ထောင်တစ်သက်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပုဒ်မ ၅၀ (ည) နှင့် ရင်ဆိုင်နေရသည်ဟု ဗကသအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

ထို့အတူ ထောင် ၇ နှစ်အထိ ချနိုင်သည့် အကြမ်းဖက်ဥပဒေ အားပေးကူညီမှုဆိုင်ရာ ပုဒ်မ ၅၂(က) ဖြင့်ပါ ပူးတွဲအမှုဖွင့်ထားသည့်ပြင် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့်ပါ ထပ်မံ စစ်ဆေးခံနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“လောလောဆယ် အတည်ပြုစွဲဆိုတာက ဒီနှစ်မှုပေါ့နော်။ နောက်ထပ် ၅၀၅ (က) တို့နဲ့ စစ်ဆေးနေဆဲလို့ သိရတယ်။ နန်းတွင်းစစ်ကြောရေးမရောက်သေးဘဲ ရဲအချုပ်မှာတင် စစ်ဆေးအမှုဖွင့်တယ်လို့ သိရတယ်” ဟု ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

ထောင်ဝင်စာပို့နေသူများကို အကြမ်းဖက်ပုဒ်မဖြင့် စစ်ကောင်စီက အမှုဖွင့်သည်မှာ မဖြစ်ထိုက်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့က ဒီမိုကရေစီလှုပ်ရှားမှုမှာ အရင်တုန်းကတော့ ပါခဲ့ဖူးတယ်။ နောက်ပိုင်းတော့ ဖမ်းဆီးခံကျောင်းသားတွေကို ထောင်ဝင်စာပို့တာ။ တချို့ နယ်ဝေးကနေ ထောင်ကျသူတွေကို မိသားစုနဲ့ အဆက်အသွယ်လုပ်ပေးတာတို့ပဲ ရှိတယ်” ဟု ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။

“နဂိုကဆိုရင် လမ်းပေါ်ထွက်တဲ့သူတွေကို ဖမ်းမယ်။ အခု အဲဒီဖမ်းခံရတဲ့သူတွေကို ထောက်ပံ့ကူညီပေးတဲ့သူတွေကို ထပ်ဖမ်းမယ်ပေါ့၊ သူတို့ကို ဆန့်ကျင်တာမျိုး မလုပ်ရဲတော့အောင် မြေလှန်တဲ့သဘောပေါ့” 

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို ဖမ်းဆီးခံထားရသူ သုံးဦး၏ အခြေအနေကိုလည်း အတည်ပြု၍ မရသေးပေ။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းအပြီး တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြဆန့်ကျင်မှုများအားကောင်းနေသည့် မန္တလေးတွင် စစ်ကောင်စီက ထိုကဲ့သို့ဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေသည်။

ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်ချိပ်ပိတ်၊ လမ်းသွားလမ်းလာတို့ကို စစ်ဆေးမှု စသည့် နည်းလမ်းမျိုးစုံသုံး၍ပင် စစ်ကောင်စီက မန္တလေးမြို့ခံလူထုကို နေ့စဉ် ဖိနှိပ်လျက်ရှိသည်ဟု ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။

“သူတို့ကတော့ သူတို့ကို မထောက်ခံတဲ့ အင်အားစုမှန်သမျှကို ချေမှုန်းတဲ့အကျင့်ကတော့ ခုမှမဟုတ်ဘူး။ နေဝင်းကစလို့ မင်းအောင်လှိုင်အထိ မြေလှန်ပြီး ခုလိုချေမှုန်းနေတာပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ပြည်သူတွေကလည်း ခုလိုမတရားမှုတွေကို ခေါင်းငုံ့မခံဘဲ ဆက်ပြီး ဆန့်ကျင်တော်လှန်သွားဖို့လိုတယ်”

ကိုအောင်ပြည့်စုံဖြိုးနှင့် ဗကသများအဖွဲ့ချုပ်မှ ဆန္ဒပြမှုကို ဦးဆောင်နေသူ ကိုညီညီဇင်တို့လည်း အထက်ပါ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ဝရမ်းထုတ်ခံထားရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button