သတင်း

မင်းကင်းတွင် ပျူစောထီး ၇ ဦး၊ ဒလန်ဟု ယူဆရသူ ၂ ဦး သတ်ဖြတ်ခံရဟု ဆို 

မတ် ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ပစ်ခတ်မှုများတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၇ ဦး၊ ဒလန်ဟု ယူဆရသူ ၂ ဦး သေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဒေသခံများထံမှ သိရသည်။

မြို့တောင်ပိုင်း ကူလဲရွာအနီး ၄ နာရီကြာတိုက်ပွဲတွင် ပျူစောထီး ၅ ဦး သေဆုံးကြောင်း၊ မင်းကင်း၊ ကနီ၊ ဒီပဲယင်း PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး သေဆုံးကြောင်း မင်းကင်း PDF တပ်ရင်း (၂) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now  ကို ပြောသည်။ 

မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ စစ်ကူဆင်းလာသောကြောင့် PDF များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ဆိုသည်။ 

မြို့နှင့် ၁၈ မိုင်ခန့်အကွာ အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိ ကြွေကျေးရွာတွင် သတ်ဖြတ်ခံရသူများမှာ ကြွေရွာအုပ်စု တိုက်နယ်ဆေးရုံတွင် တာဝန်ကျနေသော သူနာပြု ဒေါ်ကေကေ၊ ၎င်း၏ ခင်ပွန်း ဦးသန်းနိုင်စိုး၊ ၎င်းတို့နှစ်ဦး၏လုံခြုံရေးကို တာဝန်ယူပေးနေသည်ဆိုသော ပျူစောထီးခေါင်းဆောင် ဦးခင်မောင်တိုး၊ ဦးနိုင်လင်းထွန်းတို့ ဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။ 

ဦးနိုင်လင်းထွန်းမှတစ်ပါး ကျန် ၃ ဦးမှာ အသက် ၄၀ ဝန်းကျင်အရွယ်များ ဖြစ်သည်ဟု ဆိုသည်။

ကလေးဝမြို့ဇာတိ ဒေါ်ကေကေသည် စစ်ကောင်စီတပ် ကျေးရွာသို့ လာရောက်တပ်စွဲရန် ဖိတ်ခေါ်သူဖြစ်ကြောင်း၊ ဒေါ်ကေကေ တိုင်ကြားခဲ့၍ ထိုတိုက်နယ်ဆေးရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ဆရာဝန်တစ်ဦး ထွက်ပြေးရကြောင်း ၎င်းက ဆိုသည်။

“ဆေးကုပြီးမှ စိန်ခေါ်နေတာ၊ မင်းတို့ သတ္တိရှိရင် လာခဲ့ဆိုပြီးမှ။ ကြံ့ခိုင်ရေးအုပ်စုက သူ့ကို ကင်းစောင့်ပေးတာ။ ဆရာမက တပ်ထိုင်ခိုင်းမှာ၊ မင်းတို့အဖွဲ့တွေ သေစေရမယ်လို့ အဲဒီလိုမျိုး စိန်ခေါ်မှုတွေလည်း ရှိတယ်” ဟု သူက ပြောသည်။

“ဆေးကုရင်လည်း သူနဲ့ သိတဲ့သူပဲ ကုပေးတာ။ မသိတဲ့သူ၊ သူ မယုံကြည်ရတဲ့သူကို မကုပေးဘူး”  

ကြွေရွာရှိ ရဲကင်းစခန်းမှ ရဲဝန်ထမ်းများ ထွက်ပြေးသွားကြသည်မှာ ကြာပြီဖြစ်ကြောင်း၊ ဖေဖော်ဝါရီလက တိုက်နယ်ဆေးရုံနံရံတွင် သေနတ်ပုံနှင့် ယခုသေဆုံးသူတို့၏ အမည်များကို စာကပ်ကာ သတိပေးခဲ့ကြောင်း အသက် ၅၀ ဝန်းကျင်ရှိ အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။ 

မင်းကင်းမြို့နယ်ရှိ PDF အဖွဲ့များထံ Myanmar Now က ဆက်သွယ်မေးမြန်းရာ အဆိုပါ ပုဂ္ဂိုလ်များ သတ်ဖြတ်ခံရမှုသတင်းကို အတည်ပြုသော်လည်း မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရှိရပေ။ 

အွန်လိုင်းလူမှုကွန်ရက်ကို နာမည်ဝှက်နှင့် သုံးကြသည့် စစ်ကောင်စီဘက်တော်သားများကမူ သတ်ဖြတ်ခံရသူ ၄ ဦးမှာ အပြစ်မဲ့ပြည်သူများဖြစ်သည်ဟု ယနေ့ ရေးသားနေကြသည်။ 

အခြားကျန်းမာရေးဝန်ထမ်းများ မရှိတော့သဖြင့် ထိုသူနာပြုမှာ ဆေးရုံကို တစ်ယောက်တည်းတာဝန်ယူနေသူဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေချိန်အတွင်း အင်တာနက်ဖြတ်တောက်ထားရာ ဒေသခံတို့က ၎င်းတို့မြင်တွေ့နေရသည်များကို သတင်းဌာနများသို့ ဆက်သွယ်ပြောကြားရန် ချက်ချင်းမဖြစ်နိုင်သေးပေ။

အာဏာသိမ်းမှုဆန့်ကျင်သူများ အကြမ်းဖက်တုံ့ပြန်ခံရအပြီးတွင် လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာရာ စစ်ကောင်စီက စစ်တပ်များကို ဒေသအသီးသီးတွင် ဖြန့်ထားရသည်။

စစ်သည်အင်အား မလုံလောက်သည့် အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ၁ နှစ်ကြာ အပစ်ရပ်ကြောင်း ကြေညာထားသည်။

တချိန်တည်းတွင်ပင် ၎င်းတို့ စည်းရုံးထားသည့် အရပ်သားတချို့ကို လက်နက်ငယ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ပေးခဲ့သည်။

ဒေသခံတို့ကမူ ထိုအဖွဲ့များကို ပျူစောထီးဟု ခေါ်ကြသည်။

ထို့ပြင် အာဏာသိမ်းမှုထောက်ခံသူများကို ပျူစောထီးများအဖြစ် ခေတ်မီလက်နက်များ တပ်ဆင်ပေးနေပြီး လက်ရှိတွင် စစ်ကိုင်းတိုင်း၌ ပျူအဖွဲ့ပေါင်း ၈၀ နီးပါးကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားသည်ဟု ဖေဖော်ဝါရီလအတွင်း နေပြည်တော်၌ ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဦးမြတ်ကျော်က တင်ပြထားသည်။ 

ပျူစောထီးများ အားကောင်းသည့် မင်းကင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလကုန်မှစ၍ ဘင်၊ အနောက်တော (ဘင်)၊ အုန္နဲဘုတ်ရွာတို့ကို မီးရှို့ပြီး သက်ကြီးရွယ်အို၊ နို့တိုက်မိခင်နှင့် ကလေးအများစုပါဝင်သော ဒေသခံ ၃၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးချခဲ့ဖူးသည်။ 

ယမန်နှစ် ဇူလိုင် ၂၈ တွင် ပျူစောထီးများအကူအညီဖြင့် စစ်ကောင်စီတပ်က PDF အဖွဲ့ဝင် ၅၇ ဦးကို တစ်ခါတည်း ဖမ်းဆီးနိုင်ခဲ့သည်။ 

ဤသို့ဖြင့် မင်းကင်းသည် ပျူစောထီးအားကောင်းသောဒေသအဖြစ် လူသိများလာသည်။

ရှောင်တိမ်းနေသော အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများ၏ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းပြီး လက်နက်ကိုင်ဆန့်ကျင်တော်လှန်သော ဒေသများတွင် ရွာလုံးကျွတ်မီးရှို့ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်နေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button