
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့အနီးတွင် ရက်ဆက်တိုက်ပွဲဖြစ်နေပြီး ကြည်းကြောင်း၊ ရေကြောင်းဖြင့် ချီတက်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ကသာ PDF က ဆိုသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောနှစ်စီးဖြင့် တက်လာသည့် စစ်ကောင်စီတပ်ကို မတ် ၁၄ ၌ ကသာမြို့မရောက်ခင် ပန်းသေးရွာအနီးတွင် ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကသာ PDF အဖွဲ့က ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုအတွင်း သင်္ဘောတစ်စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်မှ အယောက် ၃၀ ထက်မနည်း ထိခိုက်သေဆုံးသည်ဟု PDF က ခန့်မှန်းသည်။
ထိုသို့တိုက်ခိုက်ခံရစဉ်အတွင်း ဒဏ်ရာရစစ်သားများကို ကသာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သလို စစ်တပ်က သယ်ယူလာသည့် စက်ပစ္စည်းအချို့ကိုလည်း ကသာမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃၀၉ အတွင်း ပို့ဆောင်ခဲ့သည်ဟု ကသာ PDF နှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သင်္ဘောတစ်စင်းကတော့ ဆက်ပြီးဆန်သွားတယ်။ ပျက်သွားတဲ့ သင်္ဘောပေါ်က စစ်သားတွေကတော့ နောက်နေ့မနက် ၄ နာရီလောက်မှာ သဖန်းကိုင်းဘက်ကနေ ခြေကျင်လျှောက်သွားလိုက်တာ” ဟု ၎င်းက ဆိုသည်။
နောက်တစ်ရက်ဖြစ်သည့် မတ် ၁၅ နံနက်အစောပိုင်းတွင် ဆက်လက်ထွက်ခွာလာသော ထိုစစ်ကြောင်းကို ကသာမြို့မြောက်ဘက် မင်းလယ်ရွာနှင့် ကုတက်ချောင်ရွာအနီး PDF က နှစ်ကြိမ်မိုင်းဆွဲခဲ့ပြီး ပစ်ခတ်တိုက်ခိုက်သည့်ပြင် တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ခဲ့သည်ဟု သိရသည်။
“လမ်းမကနေဖြတ်တဲ့အတွက် မင်းလည်နဲ့ ကုတက်ချောင်မှာ နှစ်နေရာ ဆွဲမိုင်းဆွဲလိုက်တာ ၁၅ ယောက်လောက် ကြွသွားတယ်၊ ဆက်ပြီးချီတက်တော့ ဝဲကြီးဆိုတဲ့နေရာမှာ ထပ်ပြီးမိုင်းဆွဲခံရတယ်” ဟု PDF နှင့် နီးစပ်သူ ထိုအမျိုးသမီးက ဆိုသည်။
ဆက်တက်သွားသည့် စစ်ကောင်စီ၏ သင်္ဘောတစ်စီးသည် ယနေ့ မတ် ၁၆ နံနက်တွင် မိုးတားလေးရွာ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားကြောင်း၊ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြင့်လည်း ခြေလျင်ချီတက်နေသည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းကို ယနေ့ နံနက်တွင် ကသာမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ မိုးတားလေးတိုက်နယ်ရွာ မရောက်ခင် သံပုရာကုန်းရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကသာ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
နံနက် ၇ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တစ်ပြိုင်တည်းဆိုသလို မိုးတားလေးရွာ မြောက်ဘက်တွင်လည်း အခြားစစ်ကြောင်းတစ်ခုနှင့် ကသာ PDF များ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။
“သံပုရာကုန်းမှာ တစ်ဖွဲ့ဖြစ်တယ်၊ မိုးတားလေးကနေ အထက်ကိုအတက် ဆိပ်သာဘက်မှာ တစ်ဖွဲ့ဖြစ်တယ်။ တစ်ကြိမ်တည်းဖြစ်ခဲ့တာ”
မိနစ် ၃၀ ခန့်ကြာသည့် အဆိုပါတိုက်ပွဲများပြီးသည့်နောက် တိုက်ပွဲများငြိမ်သက်နေပြီး နှစ်ဖက်တပ်များ အခြေအနေစောင့်ကြည့်နေသည်ဟု ၎င်းက ပြောသည်။
“အခုကတော့ သူ့ဘက်ကိုယ့်ဘက် အခြေအနေစောင့်ကြည့်နေကြတယ်။ စစ်တပ်ဘက်လည်း မထွက်သေးဘူး။ အခြေအနေကို ကြည့်နေတယ်။ PDF ဘက်ကလည်း စောင့်ကြည့်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
ရေကြောင်းမှ တိုက်ခိုက်ခံရပြီး အထိနာနေသည့် စစ်ကောင်စီတပ်မှာ ကသာမြို့မှ မိုင် ၂၀ သာဝေးသည့် ခရီးတွင် နှစ်ရက်အတွင်း ၄ ကြိမ်ခန့် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။
ကသာမြို့နယ်တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း ကသာခရိုင် KPDF အဖွဲ့၏ တိုက်ခိုက်ရေးနှင့် အုပ်ချုပ်ရေးတာဝန်ခံ ကိုသံမဏိကလည်း ပြောသည်။ သို့သော် အသေးစိတ်အခြေအနေများကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ကုန်းကြောင်းရေကြောင်းဖြင့် လက်နက်၊ ရိက္ခာနှင့် စစ်အင်အားပေးပို့နေသည့် စစ်ကောင်စီတပ်ကို အခြားဒေသခံကာကွယ်ရေးတပ်ဖွဲ့များနည်းတူ ကသာ PDF ကလည်း အဆက်မပြတ် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)