တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ယနေ့(မတ် ၁၆) နံနက်ပိုင်းက စစ်တပ်ကျောထောက်နောက်ခံ ပျူစောထီးအဖွဲ့ကို ဒေသခံ PDF သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) က အတည်ပြုသည်။
ပုလောမြို့နယ် ပုလောကုန်းကျေးရွာရှိ ပျူစောထီးအဖွဲ့ကို နံနက် ၆ နာရီမှစ၍ ဒေသအခြေစိုက် PDF အဖွဲ့နှစ်ခုနှင့်အတူ KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ သုံးနာရီခန့်ကြာ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပုလောမြို့မှ ၁၀ မိုင်ခန့်ဝေးပြီး လူဦးရေ ၂၀၀၀ ကျော်ရှိသည့် ထိုရွာတွင် ပျူစောထီးခေါင်းဆောင် ကုလားနီဆိုသူ နေထိုင်ပြီး စစ်တပ်က သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားသူ ၂၀ ကျော်ရှိသည်ဟု PPDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
တိုက်ပွဲအတွင်း ပျူစောထီးဘက်မှ သေဆုံးသူ မရှိနိုင်ကြောင်း၊ ၎င်းတို့ဘက်မှ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဘယ်ဘက်လက် ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“သူတို့(ပျူစောထီး)မှာ လက်နက်အပြည့်အစုံရှိတယ်။ ကျည်ဆန်တွေဆို လိုသလောက်၊ ပြီးတော့ လက်နက်အကောင်းစားတွေ အသံတိတ်သေနတ်ရှိတယ်၊ စနိုက်ပါရှိတယ်၊ အဲဒါတွေအထိရှိတယ်။ အဲဒီစနိုက်ပါနဲ့ ပစ်လိုက်လို့ ကျွန်တော်တို့ဆီက လက်မှာထိသွားသေးတယ်” ဟု ၎င်းက ပြောသည်။
ထိုကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ အမြဲလိုလို ဝင်ထွက်သွားလာလေ့ရှိပြီး စစ်သားအချို့ တပ်စွဲနေလေ့ရှိသည်ဟုလည်း ဆိုသည်။
“ဘယ်အချိန်မှာ ကင်းလှည့်တယ်၊ ဘယ်အချိန်မှာ သွားလာလှုပ်ရှားတယ်ဆိုတာ ပုံမှန်စုံစမ်းပြီးမှ သွားတာ။ သူတို့က အိမ်ထဲကနေ ပစ်ရတာ။ ကျွန်တော်တို့က ကွင်းပြင်ကနေ ပစ်ရတာ၊ သူတို့က ဘယ်အိမ်ကနေပစ်မယ်ဆိုတာလည်း မသိတော့” ဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်နေစဉ် စစ်ကူလာသည့် စစ်သားအချို့ကို ထိုရွာနှင့် ၁၀ မိုင်ခန့်ဝေးသည့် နန်းပရုတ်ရွာအနီးတွင် မိုင်းဖြင့် တိုက်ခိုက်ရာ ၂၀ ခန့်သေသည်ဟု ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
PPDF ထုတ်ပြန်ထားသည့် ပုလောကုန်းကျေးရွာတိုက်ပွဲရုပ်သံတွင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသော လက်နက်ကိုင်လူငယ်များက လက်နက်ကိုယ်စီဖြင့် ဝိုင်းဝန်းပစ်ခတ်သည်ကို တွေ့ရသည်။
ပုလောကုန်းရွာနှင့် ကပ်လျက် နတ်အိမ်တောင်ရွာမှ အသက် ၄၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကလည်း တိုက်ပွဲအတွင်း ပစ်ခတ်သံများ ကြားရသည်ဟု ပြောသည်။
“မိုးလင်းစကတော့ အသံတွေ ကြားနေရတယ်လေ။ ရွာထဲက လူတွေ ထိခိုက်တာတော့ မကြားရသေးဘူးလေ။ သေနတ်သံတော့ ဖောက်ဖောက် ဖောက်ဖောက် ကြားရတယ်။ ကျွန်တော်တို့နဲ့ တအားကြီးမဝေးဘူး။ ဘယ်အဖွဲ့ ဘယ်အဖွဲ့ဆိုတာလည်း ကျွန်တော်မသိဘူး” ဟု ၎င်းက ပြောသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုမှာ ယခုလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။
မတ် ၁ ရက်က ထိုမြို့နယ်ရှိ ထမင်းမစားကျေးရွာကို နယ်မြေခံ PDF နှစ်ဖွဲ့က မတ် ၁ ရက်တွင် သွားရောက်တိုက်ခိုက်ခဲ့သေးသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်နေရာ တနင်္သာရီတိုင်းအတွင်းရှိ ဒေသအချို့လည်း ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)