သတင်း

မန္တလေးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်နေ

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ ဒေသခံကာကွယ်ရေးပြောက်ကျားအဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေရာ နှစ်ဖက်ထိခိုက်မှုရှိသလို ဒေသခံအရပ်သားတချို့လည်း သေဆုံးခဲ့သည်။

ယမန်နေ့ (မတ် ၁၅) ည ၉ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ကျုံးမြောက်ဘက်ခြမ်း လမ်း ၈၀ နှင့် ၁၂ လမ်းအနီး ဆိုင်ကယ်စီးလာသည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ခဲ့သည်။  

စစ်ဆေးရန် တားဆီးရာ ရပ်မပေး၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရကြောင်း၊ ၂၆ နှစ်အရွယ် မနုနုဝင်း လည်ပင်း ကျည်ဖောက်ဝင်ကာ နေရာတွင်သေဆုံးခဲ့ပြီး ရင်ညွန့် ကျည်ထိသွားသည့် ၂၅ နှစ်အရွယ် မောင်အောင်ဖြိုးကျော်မှာလည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။ 

“ညက ပစ်သံတွေတော့ တရစပ်ကြားလိုက်ရတယ်။ ခါတိုင်းလို့ သူတို့(စစ်တပ်)ရမ်းကားပစ်ခတ်နေတာပဲ ထင်နေတာ။ မနက်ရောက်မှ ဒီသတင်းကို ကြားရတာပဲ” ဟု အောင်မြေသာစံမြို့နယ်နေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

မတ် ၁၄ နှင့် ၁၅ တို့တွင် အရပ်သား ၃ ဦး၊ PDF ရဲဘော် ၂ ဦး သေဆုံးကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသွားသူတချို့ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။

ပြောက်ကျားအဖွဲ့တို့၏ တိုက်ခိုက်မှုများ

မတ် ၁၄ နံနက် ၁၁ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ သူနာပြုတက္ကသိုလ်ရှေ့၌ အစောင့်ကျနေစဉ် ဗုံးပစ်တိုက်ခိုက်ခံရသည့် စစ်သားများက အနီးဝန်းကျင်ကို ပစ်ခတ်ကြရာ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခံရပြီး သေတာက အရပ်သားပါ။ ဘယ်သူဘယ်ဝါတော့ အတိအကျ မသိရသေးပါဘူး၊ ဒီမြို့နယ်ထဲကလို့ပဲ ကြားတယ်။ လမ်းသွားရင်း ပစ်ခံရတာပါ” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်ရပ်တွင် အရပ်သားတစ်ဦးသေဆုံးခဲ့ရမှုကို တောင်းပန်ကြောင်း Mandalay Black King Scorpion PDF နှင့် Guerilla Force of Mandalay မဟာမိတ်ညီနောင်နှစ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း Myanmar Now က စုံစမ်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထိုနေ့နံနက်ပိုင်းတွင်ပင် ၆၂ လမ်း၊ သိပ္ပံလမ်းထောင့် မီးပွိုင့်၌ လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ၄ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါ ၂ ဖွဲ့အပါအဝင် Mandalay Ranger Force စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။ 

ယင်းတိုက်ခိုက်မှုတွင် အမှတ် ၈၉ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်စိုးမင်းအောင်သည် ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ ချမ်းမြသာစည်မီးသတ်စခန်းမှ တပ်ကြပ်ကြီးဟိန်းထွဋ်ထွန်းသည် ဝဲဘက်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာနှင့် လည်ကုပ် ဖောက်ဝင်ဒဏ်ရာ၊ အခြားနှစ်ဦးမှာလည်း ဝဲဘက်တင်ပါးနှင့် နောက်စေ့ထိမှန်ဒဏ်ရာတို့ ရရှိခဲ့သည်ဟု မန္တလေးအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် ၁၀၁ လမ်း (၆၆ နှင့် ၆၇ ကြား) ရှိ အမျိုးသမီးရေးရာရုံးဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို DRAGON WARRIORS (MDY-UG) နှင့် ပူးပေါင်းတိုက်ခိုက်ရာ အစောင့်စစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု မန္တလေး PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ယမန်နေ့ နေ့လယ်တွင် Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

တစ်ညကြာမှ အလောင်းသယ်ခွင့်ရ

အဆိုပါဖြစ်စဉ်အပြီး ညနေ ၆ နာရီကျော်တွင် ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနှင့် ၇၈ လမ်းအနီး အမျိုးသား ၂ ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီး ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပြီး ၂ ဦးလုံး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ထိုနေရာအနီး နေထိုင်သည့် အမျိုးသားတစ်ဦးထံမှ သိရသည်။

ဆိုင်ကယ်ပေါက်ကွဲပြီး ပြောက်ကျားအဖွဲ့ဝင် ၂ ဦး သေဆုံးနေသည်ကို မတ် ၁၄ ညပိုင်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)

အဆိုပါသေဆုံးသူလူငယ်နှစ်ဦးသည် Mandalay Ranger Force (ROM) နှင့်အတူ စစ်ဆင်ရေး ပူးပေါင်းလုပ်ဆောင်သူများဖြစ်ပြီး ဆိုင်ကယ်တူးဘောက်အတွင်း ဗုံးပေါက်ကွဲ၍ မတော်တဆသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်မြင်လိုက်ရတာက ခန္ဓာကိုယ်လည်း လက်တခြား၊ ပေါင်တခြား တစ်စစီပဲ။ ဒီတိုင်း လမ်းပေါ် ပစ်ထားတာ။ သဘောက ဒါမျိုးလုပ်ရင် ဒါမျိုးဖြစ်မယ်ဆိုပြီး လူထုကို အကြောက်တရားပေးတာဖြစ်မယ်” ဟု အမည်မဖော်လိုသူ ယင်းအမျိုးသားက ဆက်ပြောသည်။

ည ၇ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် ကျုံးမြောက်ဘက်ခြမ်း လမ်း၈၀ နှင့် ၁၂ လမ်းထောင့်၌လည်းကောင်း၊ ည ၈ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် ၃၆ လမ်းနှင့် ၆၉ လမ်းအနီး စည်ပင်ဝန်ထမ်းအိမ်ရာ၌လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

အလောင်းများအနီး စစ်ကောင်စီတပ်က ကင်းပုန်းထား၍ စောင့်ကြည့်နေကြောင်း၊ လူမှုရေးအသင်းများ အလောင်းကောက်ယူရန် ခွင့်မပြုခဲ့သောကြောင့် လမ်းမပေါ်တွင် ညလုံးပေါက် အလောင်းများရှိနေကြောင်း ထိုရပ်ကွက်နေ အမျိုးသမီးတစ်ဦးက Myanmar Now ကို ယမန်နေ့ နေ့လယ်က ပြောသည်။

“အထက်အမိန့်ဆိုပြီး အလောင်းသယ်ခွင့်လည်း မပေးဘူး။ လူမှုရေးကားတွေက တောင်းဆိုတယ်။ သေရတာတောင် လူ့အခွင့်အရေးမရှိ၊ တော်တော်ယုတ်မာပက်စက်လွန်းတဲ့ဟာတွေပါ” ဟု သူက ဆိုသည်။

ယင်းအမျိုးသားနှစ်ဦးအလောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်မှသာ လူမှုရေးကားတစ်စီးဖြင့် သယ်ယူသွားကြကြောင်း ယင်းအမျိုးသမီးက ဆက်ပြောသည်။

ယမန်နေ့ မတ် ၁၅ နံနက်တွင် သိပ္ပံလမ်း ၇၈ လမ်းအနီး ပေါက်ကွဲမှုထပ်ဖြစ်ပွားရာ စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်ကို ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်း၍ မရသေးပေ။

မတ်လအတွင်း စစ်ကောင်စီထောက်တိုင်များ၊ ဒလန်ဟု ယူဆရသူများ၊ လက်အောက်ခံတပ်သားများကို မန္တလေးအခြေစိုက် ဒေသကာကွယ်ရေးပြောက်ကျားအဖွဲ့တို့က ဆက်တိုက် တိုက်ခိုက်နေသည်။  

အာဏာသိမ်းစစ်ကောင်စီကလည်း PDF တို့နှင့် ဆက်နွှယ်သည်ဟု ယူဆရသူများ၊ ဆန္ဒပြသူများကို ရှာဖွေဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို ချိပ်ပိတ်ခြင်းတို့အပြင် လမ်းသွားလမ်းလာများကို စစ်ဆေး ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်းများ နေ့စဉ်ပြုလုပ်နေသည်။ PDF များကို ထောက်ခံမှု မပြုရန်လည်း ပြည်သူတို့ကို အဆက်မပြတ် တိုက်တွန်းနေသည်။

ပြည်သူတို့ နှိပ်စက် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းဌာနများက စုံစမ်းတင်ဆက်နေသော်လည်း စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

အာဏာသိမ်းစစ်ကောင်စီအောက်မှ လွတ်မြောက်ရေးအတွက် အချင်းချင်း ဝန်းရံ ထောက်ပံ့ရမည်၊ လုံခြုံရေးအတွက်လည်း ပိုမို သတိရှိသင့်သည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“တိုက်ခိုက်မှုတွေက ပြင်းထန်လာပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ PDF တွေကို ကူကြပါ။ လှူကြပါ။ ပြီးတော့ ဒီကောင်(စစ်သား)တွေနဲ့ ဝေးဝေးမှာ နေပေးကြပါ။ တိုက်ခိုက်မှုဖြစ်နိုင်မဲ့ နေရာတွေကို ရှောင်ပေးကြပါ” ဟု ထိုသူက ပြောလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button