
အမျိုးသား ၆ ဦး၏ ကျည်ထိဒဏ်ရာနှင့် ဓားဒဏ်ရာရ ရုပ်အလောင်းများကို မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်များအတွင်း လမ်းပေါ်တွင် နှစ်ရက်ဆက်တိုက် တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မတ်လ ၁၂ ရက်တွင် တောင်သာမြို့နယ်အတွင်း ၄ လောင်းတွေ့ရပြီး မတ် ၁၃ တွင် နွားထိုးကြီးမြို့နယ်၌ ၂ လောင်းတွေ့ရခြင်းဖြစ်သည်။
၎င်းတို့အနက် သာယာကုန်းရွာနှင့် မင်းရွာအနီး မြင်းခြံ-နွားထိုးကြီး ကားလမ်းမဝန်းကျင်တွင် တွေ့ရသည့် ရုပ်အလောင်းနှစ်ခုကိုသာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု နွားထိုးကြီး PDF နှင့် မြင်းခြံမှ ဇီးရိုးပြောက်ကျားတပ်ဖွဲ့တို့က ပြောသည်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ အဖွဲ့ဝင် ကိုသီဟကိုကိုသည် စစ်ကိုင်းတိုင်းသို့ အလုပ်တာဝန်ဖြင့် ခရီးသွားစဉ် မြင်းမူမြို့၌ ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်ကတည်းက ဖမ်းဆီးခံထားရသူဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဆိုသည်။
စစ်တပ် စစ်ကြောရေးစခန်းတစ်ခုတွင် စစ်ဆေးနေသည်ဟု သိရှိထားပြီး နှစ်လအကြာတွင် ယခုကဲ့သို့ သတ်ဖြတ်ခံရကာ အခြားမြို့ရွာတစ်ခုတွင် စွန့်ပစ်ခြင်းဖြစ်သည်ဟု ကိုသက်ကြီးက ပြောသည်။
“အခုအခြေအနေက သူတို့ လျှောက်လုပ်နေတဲ့ပုံစံက ဖမ်းဆီးခံထားရတဲ့ တခြားရဲဘော်တွေအတွက်လည်း အရမ်းစိတ်ပူနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အခြားသူတစ်ဦးမှာ မင်းရွာနေ ကြက်အရောင်းအဝယ်လုပ်ကိုင်သူ အသက် ၄၀ ဝန်းကျင် အရပ်သား ကိုအောင်စိုးဖြစ်သည်ဟု နွားထိုးကြီး PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းရွာတွင် ဒလန်နှစ်ဦး မတ် ၁၂ ၌ အသတ်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကိုအောင်စိုးအပါအဝင် ရွာခံ ၉ ဦးကို ဖမ်းဆီးသွားခဲ့ကြကြောင်း၊ ကျန် ၈ ဦး၏ အခြေအနေကို မသိရသေးကြောင်း အထက်ပါ PDF တာဝန်ရှိသူက ဆက်လက်ပြောသည်။
မတ် ၁၂ တွင်လည်း တောင်သာနှင့် မြင်းခြံမြို့ နယ်နိမိတ်အစပ်ရှိ နန်းမြင့်၊ ဘုရားလှ၊ ဖက်တော ရွာချင်းဆက်လမ်းမပေါ်တွင် တကွဲတပြားစီ စွန့်ပစ်ခံထားရသော အမျိုးသားရုပ်အလောင်း ၄ လောင်းကို ထိုရွာများရှိ ဒေသခံတို့ တွေ့ရှိခဲ့ရသည်။
မေတ္တာစိတ္တလူမှုကူညီရေးအသင်းက ပိုင်ရှင်မဲ့အလောင်းများအဖြစ် ကောက်ယူ သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် လုံခြုံရေးအရ အမည်မဖော်လိုသော မျက်မြင်နှစ်ဦးအပါအဝင် ဒေသခံ စုစုပေါင်း ၅ ဦးက ပြောသည်။
“ဘုရားလှနဲ့ ဖက်တောလမ်းကြားမှာ နှစ်လောင်းက ပေ ၃၀၀ လောက်ပဲ ကွာတယ်။ နောက်ဆုံးတွေ့တာက ဖက်တောရွာထိပ် ဘူတာရုံနား သံလမ်းဘေးမှာ တွေ့တာ။ ၄ လောင်းလုံးက သေနတ်ဒဏ်ရာတွေနဲ့ လူသွားလမ်းမပေါ်မှာ တွေ့တာ” ဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသားများမှာ အသက် ၂၀ ဝန်းကျင်နှင့် အသက် ၃၀ မှ ၄၀ ကြားရှိသူတို့ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ရုပ်အလောင်းများကို နံနက် ၆ နာရီအချိန် ဒေသခံများ စတင်အလုပ်လုပ်ရန် လှုပ်ရှားသွားလာကြချိန်တွင်မှ တွေ့ရှိခဲ့ပြီး ညကတည်းက စွန့်ပစ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆသည်။
ညမထွက်ရအချိန်အတွင်း စွန့်ပစ်မှုဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သာဖြစ်နိုင်ပြီး ကျေးရွာနေလူထုကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တောင်သာမြို့နယ်ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထွေးနှင့် ဒေသခံများက ယူဆသည်။
“တော်လှန်ချင်နေတယ်ဆိုရင်တောင်မှ မင်းတို့ မလုပ်နဲ့ အဲဒီလို အသတ်ခံရလိမ့်မယ်ဆိုပြီးတော့ လူထုရဲ့ ရင်ထဲကို အကြောက်တရားပိုပြီးတော့ ကြီးမားလာအောင် ရည်ရွယ်ချက်ရှိရှိ လာပြီးတော့ စွန့်တာ” ဟု ဦးဇော်ထွေးက ပြောသည်။
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ် တပ်ရင်းများ အခြေစိုက်ထား၍ ထိုတပ်ရှိ စစ်ကြောရေးအတွင်း သေဆုံးသူများကို အလောင်းဖျောက်လိုခြင်းနှင့် ဒေသခံများကို ခြိမ်းခြောက်ရန် ရည်ရွယ်သော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံတို့က ယူဆကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၃ လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့လက်ချက်ဖြင့် ပြည်သူ ၁၆၇၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ယနေ့ သတင်းထုတ်ပြန်ထားသည်။
တောင်သာနှင့် နွားထိုးကြီးမြို့တို့တွင် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားမှုမှာ စစ်ကောင်စီတပ်သားတို့၏ လက်ချက်ဖြစ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရှိရန် ဆက်သွယ်သော်လည်း မရရှိသေးပေ။
ဝါဒဖြန့်သတင်းစာများတွင်လည်း ထိုရုပ်အလောင်းများအကြောင်း သတင်းဖော်ပြခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင်လည်း သတ်ဖြတ်အလောင်းဖျောက်မှု ဖြစ်ပွားခဲ့သည်။
ကျားရွာမှ အသက် ၂၀ ဝန်းကျင် လူငယ် ၃ ဦးကို ရဲက မတ်လ ၁၂ ရက်နေ့ နံနက်တွင် ဖမ်းဆီးပြီး ညဘက်တွင် သတ်ဖြတ်လိုက်သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)