သတင်း

ဒုဝန်ကြီးရာထူးမှ ဖယ်ရှားခံရသူ နေပြည်တော်ထိပ်သီးတို့နဲ့ တွေ့ခွင့်မရခဲ့

ရန်ကုန် – စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဒေါက်တာထွန်းဝင်းက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခွင့် တောင်းခံခဲ့ပေမယ့် တွေ့ခွင့်မရဘဲ ရာထူးက ဖယ်ရှားခံခဲ့ရတယ်လို့ Myanmar Now ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောပါတယ်။

“သမ္မတကို တစ်ကြိမ်၊ အတိုင်ပင်ခံကို တစ်ကြိမ် တွေ့ဆုံခွင့်ရဖို့ သူတို့ရဲ့ ကိုယ်ရေး အရာရှိတွေကနေတစ်ဆင့် တောင်းခဲ့ပါတယ်။ လုံးဝ တွေ့ဆုံခွင့်မရပါဘူး” လို့ ဒေါက်တာထွန်းဝင်းက ဆိုပါတယ်။

အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဦးဝင်းထိန်က သူ့ကို ဌာနကနေ နုတ်ထွက်ပြီး နေပြည်တော်ကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးခဲ့ဖူးကြောင်း ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်၊ နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာမှာ သူတို့က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

ခေတ်အဆက်ဆက် အလွန်အမင်း ခြစားတဲ့ဌာနထဲ ပါဝင်တဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဦးထွန်းဝင်းလို ဖြောင့်မတ်သူတစ်ဦး ဒုဝန်ကြီးအဖြစ် ရောက်ရှိလာခြင်း ကြောင့် ဌာနတွင်း ဗျူရိုကရက်အရာရှိကြီးတချို့ စိတ်မချမ်းသာဖြစ်လိမ့်မယ်၊ သူ့ကို နည်းအမျိုးမျိုးနဲ့ ဖယ်ရှားရေး သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ လပိုင်းအတွင်း အောင်မြင်သွားတာ ဖြစ်နိုင်တယ်လို့ NLD မှ အမည်မဖော်လိုသူ လွှတ်တော်အမတ်တစ်ဦးက သုံးသပ်ပါတယ်။

“တရားဝင်အစိုးရလမ်းကြောင်းနဲ့ပဲ ရှင်းရမှာကို ပါတီကလူက ဝင်ပြီး ဆောင်ရွက်သွားတယ် ဆိုတာကတော့ ဘောင်ကျော်တာပေါ့။ သူဟာ အကျင့်သိက္ခာပိုင်းကော၊ အတတ်ပညာပိုင်းကော ပြည့်စုံတဲ့အတွက် အဆင်မပြေမှုကို ညှိနှိုင်းပြီး ရှင်းသွားသင့်တယ်။ ခုလို ဖြုတ်လိုက်တော့ တိုင်းပြည်အတွက် နစ်နာတာပေါ့” လို့ လွှတ်တော်အမတ်က ပြောပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါက်တာထွန်းဝင်းရဲ့ ပြောဆိုချက်တွေသာ ကြားရပြီး သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ တိကျတဲ့ အကြောင်းပြချက်မပါသလို ဦးဝင်းထိန်တို့ဘက်က တုံ့ပြန် ဖြေရှင်းတာမျိုး မရှိတဲ့အတွက် အမှန်အမှား သုံးသပ်ဖို့ ခက်ခဲကြောင်း မဟာဗျူဟာနဲ့ မူဝါဒ လေ့လာသုံးသပ်ရေးအဖွဲ့-မြန်မာ (Institute for Strategy and Policy – Myanmar) မှ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင်က ပြောပါတယ်။ ဒေါက်တာထွန်းဝင်းဟာ စိုက်ပျိုးရေးဌာနနဲ့ သင့်တော်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

“နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ လိုနေချိန်မှာ ဒီလို သဘောထားမတိုက်ဆိုင်တာနဲ့ အကြောင်းပြချက် မပေးဘဲ ထုတ်ပယ်တာမျိုးဖြစ်တယ် ဆိုရင်တော့ ကျန်တဲ့သူတွေ ပါဝင်ချင်စိတ်ရှိလာအောင် စည်းရုံးဖို့ ခက်သွားနိုင်တာကို စိတ်ပူတယ်” လို့ ဦးမင်းဇင်က ဆိုပါတယ်။

ရှမ်းပြည်နယ်က စိုက်ပျိုးရေးခြံ

ဇူလိုင်လအတွင်း စိုက်ပျိုးရေးမူဝါဒဆိုင်ရာ အစည်းအဝေးမှာ နွေစပါး ဧက ၂ သန်းအတွက်သာမက မိုးစပါးဧက ၁၅ သန်းအတွက်ပါ ဆည်ရေ ပေးဝေရေး၊ ဆည်များအတွင်း ငါးမျိုးစုံ မွေးစေခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နွေရာသီ မြစ်ရေတင်စီမံကိန်း စတဲ့ တင်ပြချက်တွေကို ပြည်ထောင်စုဝန်ကြီးက ပယ်ချတယ်လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

အစည်းအဝေးအတွင်း အငြင်းပွားရာမှာ သူက စိုက်ပျိုးရေးအတွေ့အကြုံ နှစ် ၄ဝ ရှိပြီး ဝန်ကြီးက ၄ လသာ ရှိသေးတယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ ဝန်ကြီးကို ပြန်လည် တောင်းပန်ခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ရာထူးက ရပ်ဆိုင်းဖို့ ပြစ်ချက်ကို ရှာမတွေ့တဲ့ ဦးဝင်းထိန်က လက်အောက်ငယ်သားကို အမိန့်ပေးသလို ပြောဆိုခဲ့တာဖြစ်တယ်လို့ သူက Myanmar Now ကို ပြန်ပြောပြပါတယ်။

“ခင်ဗျား၊ မထွက်သေးဘူးလားလို့ (ဦးဝင်းထိန်က) မေးတယ်။ ဝန်ကြီးနဲ့ညှိနှိုင်းတာ ပြေလည်လို့ ဆက်လုပ်နေတာလို့ ပြောတော့ သူက ခင်ဗျား ထွက်ကိုထွက်ရမယ်လို့ ပြောတယ်”

ဦးဝင်းထိန်နဲ့ ဒေါက်တာထွန်းဝင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ Prime Farms Myanmar Limited ကုမ္ပဏီက နှစ်ရှည်ငှားရမ်းခဲ့တဲ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးဌာနပိုင်မြေ စီမံမှုနဲ့လည်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အဲဒီ ကုမ္ပဏီက ၄ နှစ်ကြာတဲ့အထိ စိုက်ပျိုးမြေမှာ လုပ်ငန်း အကောင်အထည် မဖော်တာကြောင့် အဆိုပါခြံနဲ့သက်ဆိုင်တဲ့ နိုင်ငံခြားသားကို မေလအတွင်းက တွေ့ဆုံပြီး နိုင်ငံတော်က မြေပြန်သိမ်းယူနိုင်တဲ့ မူဝါဒကို ပြောပြတယ်၊ ဝန်ကြီးရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ အသိပေးခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ရှင်းပြပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက Prime Farms Myanmar Limited က ဟဲဟိုးမှာ ၉၆ ဧက၊ ဆီဆိုင်မြို့နယ်မှာ ဧက ၁ဝဝ ကျော် လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့ကြောင်း သိရပါတယ်။

အခုဆိုရင် ကုမ္ပဏီတာဝန်ရှိသူတွေဟာ ပြည်ထောင်စုဝန်ကြီး၊ NLD ခေါင်းဆောင်ပိုင်းတို့နဲ့ သွားရောက် တွေ့ဆုံဖွယ် ရှိတယ်လို့ ဒေါက်တာထွန်းဝင်းက ယူဆပါတယ်။

“ကျွန်တော်က ဆုံးဖြတ်လို့မှမရတာ။ ကျွန်တော့်အထက်မှာ ဝန်ကြီးရှိတာပဲ။ သူ့အဆုံးအဖြတ်ကို သွားယူဖို့ပဲ ပြောခဲ့တာ။ နိုင်ငံပိုင်မြေတွေကို မတရားယူထားတာကို ပြန်ယူချင်တဲ့ဆန္ဒနဲ့ နိုင်ငံတော်ရဲ့ မူကိုရပ်ပြီး ပြောခဲ့တာ။ အဲ့ဒီအချိန်မှာ ဒီလောက်အထိ ကြီးကျယ်လိမ့်မယ်လို့ မထင်ဘူး”

ဇူလိုင်လကုန်ခါနီးမှာ သူ့နေအိမ်ကို ဦးဝင်းထိန် ရောက်လာပြီး ဒီခြံမြေအကြောင်း စတင် ဆွေးနွေးတယ်၊ နိုင်ငံတော်က ပြန်သိမ်းယူလိုက်ပြီလို့ ပြောဆိုအပြီးမှာတော့ ဦးဝင်းထိန်က မျက်နှာထားတင်းတင်းနဲ့ ချက်ချင်း ထပြန်သွားတယ်လို့ ဒေါက်တာထွန်းဝင်းက ဆိုပါတယ်။

သူ့ကို ရာထူးက ဖယ်ရှားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်၊ မေးခွန်းထုတ်သူတွေကို ပါတီပိုင်းကရော အစိုးရပိုင်းကပါ ဖြေရှင်းခြင်း မပြုသေးပါဘူး။

ဌာနဆိုင်ရာကို ပါတီရဲ့ စွက်ဖက်ခွင့်

နိုင်ငံရေးပါတီခေါင်းဆောင်များ အစိုးရအရာရှိကြီးတွေကို နုတ်ထွက်ဖို့ ဖိအားပေးနိုင်ခြင်း ရှိမရှိ ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ဖြစ်နေတယ်လို့ ဥပဒေပညာရှင် တချို့က သုံးသပ်ပါတယ်။

ရာထူးက ဖယ်ရှားခံရသူ ခုခံချေပခွင့်မရခြင်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့မှာ လုပ်ထုံးလုပ်နည်း ဘယ်လိုသတ်မှတ်ထားသလဲဆိုတာကို မေးခွန်းထုတ်ရမလို ဖြစ်စေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

“သူ ပြစ်ချက်ရှိရင်လည်း ခုံရုံးဖွဲ့စစ်ပေါ့။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်လည်း ရှိတာပဲ။ ရုံးတင် တရားစွဲချင်စွဲပေါ့။ အခုဟာက ဘာမှမမေးမမြန်းဘဲနဲ့ လုပ်လိုက်တဲ့အခါ အများပြည်သူကြားမှာ ထင်ယောင်ထင်မှား ဖြစ်ကုန်တယ်” လို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

သူနဲ့မတူ ခြားနားတဲ့အမြင်ရှိသူကတော့ NLD ပါတီရဲ့ ဥပဒေရေးရာကျွမ်းကျင်သူ ရှေ့နေ ဦးကိုနီပါပဲ။

အစိုးရကိစ္စမှာ ပါတီက ဝင်ပြောခွင့်နဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တားမြစ်မထားကြောင်း၊ အစိုးရတာဝန်ကိုယူသူက ပါတီအရေး လုပ်လို့မရဘူးဆိုတဲ့ ယေဘုယျ သတ်မှတ် ချက်သာ ရှိကြောင်း ဦးကိုနီက Myanmar Now ကို ပြောပါတယ်။

“(ဒေါက်တာထွန်းဝင်းက) ပါတီက ခန့်တဲ့ဝန်ကြီး၊ ပါတီက သူ့လုပ်ရပ်ဟာ ဥပဒေနဲ့မညီဘူးလို့ ယူဆရင်၊ သူဆက်လုပ်လို့ ပြဿနာပေါ်ရင် သူ ဘာမှ မဖြစ်ဘူး၊ ပါတီပဲဖြစ်မှာ။ ဒါ့ကြောင့် ကျွန်တော်တို့ ခွင့်မပြုနိုင်ဘူး၊ ခင်ဗျားထွက်ပါလို့ ပြောချင်ရင် ပြောလို့ရတယ်။ ထုတ်သင့်ရင်လည်း ထုတ်မှာပဲ။ အခုလည်း ထုတ်တာပဲလေ။ နိုင်ငံတိုင်းမှာလည်း လုပ်တာပဲ” လို့ ဦးကိုနီက ပြောပါတယ်။

Show More

Related Articles

Back to top button