
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်ဟု အသုံးတွင်ကျယ်လာသည့် ကယားပြည်နယ်တွင် ယမန်နေ့ (မတ် ၈) မွန်းလွဲပိုင်းက ပြည်နယ်မြို့တော် လွိုင်ကော်မှ ၇ မိုင်ခန့်အကွာ လယ်ထွဲကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ၁၂ နှစ်အောက် မောင်နှမသုံးဦး ပွဲချင်းပြီး သေဆုံးသွားသည်။
လွိုင်ကော်မြို့ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်သည်ဟု ယူဆရကြောင်း၊ ကလေးများမှာ ၇ နှစ်နှင့် ၁၀ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုကလေးတို့၏ ဖခင်နှင့် အသက် ၁၅ နှစ်အရွယ် အစ်မဖြစ်သူတို့လည်း ဒဏ်ရာရသွားကြောင်း Kayan Generation Youth ဆိုသော ဒေသခံအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
ထိုသို့ ပစ်ခတ်ချိန်တွင် နွားလဝိုးကျေးရွာအုပ်စုဝင် လယ်ထွဲကျေးရွာဝန်းကျင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များလည်း လှုပ်ရှားမှု မရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ ပိုမို သိရှိနိုင်ရေးအတွက် မိသားစုဝင်များ၊ အိမ်နီးချင်းများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေသည့် ကယားပြည်နယ်တွင် အရပ်သားပစ်မှတ်များ လက်နက်ကြီးကျည် ထိမှန်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းများ ဆက်တိုက်ဆိုသလိုဖြစ်လာသည်။
လယ်ထွဲကျေးရွာမှာ စစ်ကောင်စီက ကြီးစိုးထားသည့် နယ်မြေဖြစ်ကြောင်း၊ PDF များကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်က ထိုသို့ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လွိုင်ကော် PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာရော မဖြစ်တဲ့နေရာရော အကုန်လုံး အဲ့လိုပဲ (လက်နက်ကြီး) ကျချင်သလိုကျတာ” ဟု ၎င်းက ပြောသည်။
“ဆေးရုံနား ဗုံးကြဲချင်လည်း ကြဲတာပဲ။ စစ်ရှောင်စခန်း ဗုံးကြဲချင်ကြဲ၊ ပစ်ချင်လည်း ပစ်တာပဲ။ ရွာတွေထဲ ပစ်ချင်လည်း ပစ်တာပဲ။ မီးရှို့ချင်လည်း ရှို့တာပဲ။ အဲဒါပုံမှန်ပဲ ဒီမှာက”
ပြည်နယ်မြို့တော်နှင့် ကပ်လျက်ရှိသော၊ လည်ပင်းကြေးကွင်းတပ် ကယန်းတိုင်းရင်းသားတို့၏ ဒေသဖြစ်သော ဒီးမော့ဆိုမြို့နယ်ကိုလည်း ယမန်နေ့ နံနက်အစောပိုင်း ၂ နာရီအချိန်တွင် စစ်လေယာဉ် လာရောက် ဗုံးကြဲခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။
ဗုံးဒဏ်ကြောင့် ဆောင်ဒူလာကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထိခိုက်ပျက်စီးကြောင်း၊ နံနက်အရုဏ်တက်ချိန်တွင် လက်နက်ကြီးများ ထပ်မံပစ်ခတ်သဖြင့် ကယ်ဆယ်ရေးသမားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွိုင်ကော် PDF ၏ ပြောဆိုချက်၊ KNDF သတင်းထုတ်ပြန်ချက်တို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့သလို ယခုရက်ပိုင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း ကရင်နီဒေသတိုက်ခိုက်မှုများအကြောင်း ဖော်ပြထားခြင်း မရှိပေ။
ဖေဖော်ဝါရီ ၁၆ မှစ၍ စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများ အသုံးပြုကာ ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း ထိုးစစ်ဆင်ခဲ့သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့နောက် ဒေသခံ PDF အဖွဲ့များနှင့် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နန်းမယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်များအထိပါ စစ်ကြောင်းထိုးနေသဖြင့် နှစ်ဖက် အကျအဆုံးများပြားသည်ဟု ဆိုသည်။
သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀၄ ဦးထက်မနည်း သေဆုံးကာ ဒေသခံ PDF များဘက်မှ ၄၀ ခန့် သေဆုံးကြောင်း ကရင်နီဒေသ PDF အဖွဲ့များထံမှ သိရသည်။
ကျည်ဆန်ဖြုန်းအားကောင်းသော လက်နက်ကြီးတပ်၊ လေတပ်တို့က နေ့စဉ်နီးပါး တိုက်ခိုက်နေရာ ဖေဖော်ဝါရီ ၂၃ တွင် ဗုံးကြဲခံရသည့် နန်းမယ်ခုံမြို့ ဒေါကမီး၊ ဆီးလီဒုန်းရွာတို့တွင် ရွာသား သုံးဦး သေဆုံးသွားသည်။
ဖေဖော်ဝါရီ ၂၇ တွင်လည်း ဒီးမော့ဆိုမြို့နယ် လိုဘာခိုရွာရှိ ဆေးရုံအနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုဗုံးကြဲမှုတွင် ထိခိုက်သေဆုံးမှု မရှိဟု ဆိုသည်။
Myanmar Now က ပြုစုထားသော စာရင်းများအရ ကယားပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများ၌ စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၈ ဦး အပါအဝင် ၁၆ ဦး သေဆုံးသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလမှ ယခုလ ၂ ရက်နေ့အထိ ကရင်နီဒေသတွင် စစ်ကောင်စီလက်ချက်ဖြင့် အရပ်သား ၂၂၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)