
မကွေးတိုင်းအနောက်မြောက်ပိုင်း ချင်းပြည်နယ်အစပ်ရှိ ကျောက်ထုမြို့တွင် ယနေ့ (မတ် ၈) နံနက်က ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ချုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်သားနှင့်ရဲ အင်အား ၂၀ ခန့်ပါ ကင်းလှည့်စစ်ကြောင်းကို မြို့နယ်ရဲစခန်းအနီးတွင် မင်းတပ် CDF ၊ မြို့ပြပြောက်ကျားအဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်ထု PDF တာဝန်ရှိသူ ဗိုလ်ဝေလဆိုသူက ပြောသည်။
“ကင်းလှည့်တဲ့အဖွဲ့ကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ ပြီးမှ အမြောက်တပ်ထဲကနေ ကားတစ်စီးနဲ့ အင်အား ၄၀ လောက် ထပ်တိုးလာလို့ ကျွန်တော်တို့ နောက်ပြန်ဆုတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး လဲကျသေဆုံးပြီး အများအပြား ဒဏ်ရာရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
တစ်နာရီခန့်ကြာ တိုက်ခိုက်ပြီးနောက် PDF အဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်း၊ ထို့နောက်တွင် ကျောက်ထုမြို့တွင်းရှိ အမြောက်တပ်မှ တင့်ကားနှစ်စီးဖြင့် လှည့်လည်၍ လုံခြုံရေးယူကာ စစ်ဆေးမေးမြန်းလျက်ရှိကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ကျောက်ထုမြို့နှင့် ကပ်လျက်ရှိ ကျေးရွာလေးရွာမှ ဒေသခံများ နာရီအနည်းငယ်ကြာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံရွာသားတစ်ဦးက ပြောသည်။
“ပစ်တဲ့၊ ခတ်တဲ့ အသံတွေ ကြားရတဲ့အချိန်မှာတော့ ကြောက်ပြီးရင် တောထဲ ထွက်ပြေးကြတာ။ အသံတွေ ရပ်မှ ပြန်ခေါ်ကြရတာပေါ့” ဟု ၎င်းက ဆိုသည်။
နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီး ကျောက်ထုမြို့တွင်းသို့ ဆင်းသက်ကာ စစ်သားအချို့နှင့် လက်နက်အချို့ ချထားခဲ့ကြောင်း၊ ထို့နောက် ချင်းပြည်နယ် မင်းတပ်သို့ ထွက်ခွာသွားသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်မှာ ယနေ့ နံနက်တိုက်ပွဲအတွင်း ဒဏ်ရာရသွားသည်ဟု ယူဆရသော စစ်သားအချို့ကို တင်ဆောင်သွားသည်ဟုလည်း ဆိုသည်။
သို့သော် ကျောက်ထုမြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရာလမ်းပေါ်ရှိ ကျောက်ထုမြို့နယ်တွင် ဒေသခံ PDF အဖွဲ့များက စစ်ကောင်စီယာဉ်တန်းများ၊ စစ်ကြောင်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက ချင်းပြည်နယ်သို့ ချီတက်သည့် စစ်ကောင်စီစစ်ကြောင်းသည် ကျောက်ထု PDF ၏ သင်တန်းနေရာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့စီးနင်းခံရစဉ် သင်တန်းသားအားလုံး တိမ်းရှောင်နိုင်ခဲ့သော်လည်း ဆိုင်ကယ်အချို့ မီးရှို့ဖျက်ဆီးခံရသည်။
ထိုသို့ သင်တန်းနေရာ ဝင်ရောက်စီးနင်းခံရသည့်အတွက် ယနေ့တွင် ကျောက်ထုမြို့ပေါ်၌ ကင်းလှည့်နေသည့် စစ်သားနှင့် ရဲများကို လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကျောက်ထု PDF က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)