
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်ကို ယခုရက်ပိုင်းအတွင်း တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း PDF ၂ ဖွဲ့က ပြောသည်။
ပေါက်မြို့နယ် ဒေသခံအဖွဲ့များက နယ်မြေထိစပ်နေသည့် ဆောနှင့် ကျောက်ထု PDF များကို အကူအညီတောင်းသည့်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆော PDF မှ တပ်ရင်းမှူးဆိုသူက ပြောသည်။
“နယ်မြေအနေအထားအရရော ကန့်သတ်ချက်ရှိနေတော့ အနီးကပ်တော့ မတိုက်ခဲ့ရဘူး၊ လက်နက်ကြီးနဲ့ပဲ ပစ်ကူပေးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
မတ်လ ၂ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ပေါက်မြို့နယ်တောင်ဘက် အိမ်ခြေ ၂၀၀ကျော်ရှိသည့် လယ်ယာကျေးရွာကို စစ်သားများ၊ ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅၀ ခန့် ရောက်လာသည့်အတွက် ရွာသူ၊ ရွာသား အားလုံး ထွက်ပြေးကြရသည်။
တိုက်ပွဲဖြစ်ပွားပြီး ညဘက်တွင် လယ်ယာကျေးရွာကို မီးရှို့သည့်အတွက် အိမ်ခြေ ၂၀၀ အပြင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်များပါ ဆုံးရှုံးခဲ့ရသည်။ ထိုစစ်ကြောင်းကပင် နောက်တစ်ရက် (မတ် ၃ ) နံနက် ၆ နာရီခန့်တွင် ကပ်လျက်ဖြစ်သော လက်ပံလှကျေးရွာကိုပါ ဝင်ရောက်ပြီး မီးရှို့ခဲ့သည့်အတွက် နေအိမ် ၃၀ နှင့် ၅၀ ကြား မီးလောင်ပျက်စီးခဲ့သည်။

မတ် ၃ တွင် ဆော PDF က တိုက်ခိုက်ရာ စစ်ကောင်စီတပ်များလည်း လက်နက်ကြီး၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးနောက် လက်ပံလှရွာမှ ပြန်လည်ဆုတ်ခွာကြသည်ဟု ထိုတပ်ရင်းမှူးက ပြောသည်။
ပြန်ဆုတ်သွားသူတို့သည် အဆိုပါရွာများနှင့် မိုင်အနည်းငယ်သာဝေးပြီး ပျူစောထီးအဖွဲ့များ အားကောင်းသည်ဟု ဆိုသည့် ဝန်ကျုံးရွာသို့ ရောက်ရှိသွားပြီး တပ်စွဲထားသည်ဟု ကျောက်ထု PDF မှ တပ်ရင်းမှူး ဗိုလ်ဝေလက ပြောသည်။
မတ်လ ၅ ရက်နေ့တွင် ဝန်ကျုံးရွာမှ စစ်ကောင်စီတပ်များကို PDF ပူးပေါင်းတပ်များက သွားရောက် ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဝန်ကျုံးရွာရဲ့ တောင်ဘက်ကနေ ည ၉ နာရီလောက်အထိ လက်နက်ကြီးနဲ့ ထုတာ၊ ရွာထဲက စစ်သားတွေရော၊ ပျူတွေရော ပင်ထောင်ရွာဘက်ကို ထွက်ပြေးကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲအပြီး ညအချိန်ဖြစ်သည့်အတွက် ရွာကို ဝင်ရောက်ရှင်းလင်းခြင်းမလုပ်တော့ဘဲ PDF များက တပ်ဆုတ်လာခဲ့သည်ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ပွဲမှာ စစ်သားနှင့် ပျူ ၂၀ ခန့် သေဆုံးနိုင်ကြောင်း ဆော PDF က ထုတ်ပြန်သော်လည်း Myanmar Now အနေဖြင့် အသေးစိတ် အတည်မပြုနိုင်သေးပေ။ ထို့ပြင် ဒေသခံကာကွယ်ရေးတပ်များမှ ရဲဘော် ၂ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး ၅ ဦး ပျောက်ဆုံးနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
PDF ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာလာပြီးနောက် ထွက်ပြေးသွားသည့် စစ်သားနှင့် ပျူစောထီးများ ဝန်ကျုံးရွာသို့ ပြန်ရောက်လာသည်ဟု သတင်းရကြောင်း ဗိုလ်ဝေလက ပြောသည်။
မီးရှို့ခံထားရသည့် လယ်ယာနှင့် လက်ပံလှရွာများမှ ဒေသခံများကမူ ယနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ ကျေးရွာများတွင် ဆက်လက်တိမ်းရှောင်နေရသည်ဟု PDF များထံမှ သိရသည်။
စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့် မကွေးတိုင်းအတွင်းရှိ သက်ဆိုင်ရာ မြို့နယ် PDF များက မဟာမိတ် စုဖွဲ့မှုများပြုလုပ်ထားပြီး လက်နက်အင်အားသာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်း တိုက်ခိုက်နေကြသည်။
စစ်အာဏာသိမ်းခြင်း၏ ရလဒ်အဖြစ် နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်မှုများတွင် မကွေးတိုင်းအတွင်း PDF များ၏ လက်ချက်ဖြင့် စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများပြားနေကြောင်း မကွေးတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
အလားတူ ယောဒေသမြို့နယ်ဖြစ်သော ဆော၊ ကျောက်ထု၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောမြို့နယ်တို့မှ PDF များ၊ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) တို့သည် နယ်မြေထိစပ်နေသော ချင်းပြည်နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းတိုက်ခိုက်နေကြသည်။
ရွာမီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် မရသေးပေ။ ယခင်မီးရှို့မှုများအနက် စစ်ကောင်စီက ဖြစ်ရပ်တချို့ကို ငြင်းဆန်ခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)