
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး ငါးရက်အကြာ (မတ် ၅) ညပိုင်းတွင် စစ်သားများက သူ၏ရွာသို့ ခေါ်လာပြီး ရွာလမ်းမတွင် ပစ်သတ်လိုက်ကြောင်း သူ၏ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
သတ်ဖြတ်ခံရသူမှာ ကျောင်းကုန်းကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာမှ ၂၆ နှစ်အရွယ် ကိုဝေဖြိုးအောင် ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျောင်းကုန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ထိုရွာသို့ စစ်ကောင်စီ၏ စစ်သားများ ရောက်ရှိလာသည်။
နောက်တစ်နေ့ညတွင် ကိုဝေဖြိုးအောင်တို့ရွာမှ ရာအိမ်မှူးအိမ် ပေါက်ကွဲမှုဖြစ်ရာ ထိုစစ်သားများ ဂွေ့ကြီးရွာသို့ ရောက်လာပြီး တစ်ရွာလုံးကို စုဝေးစေကာ ၎င်းအပါအဝင် မိသားစုဝင် ၄ ဦး၊ ဖုန်းအားသွင်းရန် အိမ်ရောက်နေသည့် သူငယ်ချင်း ၃ ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုနီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“အဲဒီကောင်လေးက သူ့တို့ယာထဲက နွားတစ်ကောင် နေမကောင်းလို့ သွားကြည့်နေတဲ့အချိန်၊ လူစစ်တော့ သူ့မိသားစုက ဖုန်းဆက်ခေါ်လို့ ပြန်လာချင်းပဲ ဖမ်းခံလိုက်ရတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။
ကိုဝေဖြိုးအောင်၏ အဖေ ဦးဝင်းအောင်၊ အမေဖြစ်သူ ဒေါ်မြင့်အေးတို့မှာ ၃ ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ညီဖြစ်သူ မောင်ပြည့်ဖြိုးအောင်၊ တစ်ရွာတည်းနေ လူငယ် ၃ ဦးတို့မှာ ဆက်လက်ဖမ်းဆီးခံနေရသည်။
မတ် ၅ တွင် စစ်ကောင်စီတပ်သားများက ကိုဝေဖြိုးအောင်ကို ခေါ်ဆောင်လာကာ ရွာအတွင်း ရှာဖွေရေး အနည်းငယ်ပြုလုပ်ကြောင်း၊ ရွာမှ ပြန်မထွက်ခင် ၎င်းကို ပစ်သတ်ခဲ့ကြောင်း၊ မတ် ၆ တွင် ကျေးရွာမှာပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ပုဂ္ဂလိကချေးငွေလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုဝေဖြိုးအောင်သည် မိသားစုနှင့်အတူ နေထိုင်ကာ တောင်ယာလုပ်ငန်းများကိုလည်း ကူညီသူဖြစ်သည်ဟု အထက်ပါသူက ဆိုသည်။
ပစ်သတ်ရသည့်အကြောင်းရင်းကို မသိရသေးသလို ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဥပဒေများအတိုင်း လုပ်ဆောင်နေသည်ဟု ကြွေးကြော်လေ့ရှိသည့် စစ်ကောင်စီက မတရားသတ်ဖြတ်မှု စွပ်စွဲချက်များကို ပယ်ချလေ့ရှိပြီး စစ်သားများက ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်ဟု ယူဆရသူများကို ဒေသခံ ပြောက်ကျားအဖွဲ့များက တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၆၀၃ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှားယွင်းနေသည်ဟု ယခင်က ပြောခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)