
စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာမြို့နယ်တွင် ယမန်နေ့ (မတ် ၃) က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြို့လှ PDF အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင် PDF တာဝန်ခံက ပြောသည်။
မြို့လှမြို့နယ် ချောင်းဝကျေးရွာဘက်မှ ခြေလျင်တက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ကသာမြို့နယ် မှတ်တိုင်ရွာအနီး နံနက် ၈ နာရီခန့်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကသာခရိုင် PDF အဖွဲ့၏ အုပ်ချုပ်ရေးနှင့် တိုက်ခိုက်ရေးတာဝန်ခံ ကိုသံမဏိက ပြောသည်။
ကြားဖြတ်တိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသည်ဆိုသော ကိုသံမဏိက “ကျွန်တော်တို့ဘက်ကလည်း တစ်ဦးဒဏ်ရာရတယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။
ထိုတိုက်ပွဲတွင် PDF အဖွဲ့များ ဝိုင်းဝန်းပစ်ခတ်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦး သေသည်ဟု ကြားသိရကြောင်း ရှေ့တန်းရောက် ကသာ-PDF အဖွဲ့နှင့် နီးစပ်သူ ကသာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ သေဆုံးသူတို့၏ ရာထူးအဆင့်အတန်းကို မသိရသော်လည်း PDF ဘက်မှ ထိခိုက်သူမှာ ရဲဘော်ဖြစ်ပြီး ခြေထောက်သေနတ်မှန်ဒဏ်ရာရသည်ဟု သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ကသာဘက်တွင် လှုပ်ရှားနေသည့် စစ်ကြောင်းမှာ မကွေးတိုင်း၊ မကွေးမြို့တွင် အခြေစိုက်သည့် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းဖြစ်သည်ဟု ဒေသခံ PDF ထံမှ သိရသည်။
ဖေဖော်ဝါရီလဆန်းကလည်း ယခုတိုက်ပွဲဖြစ်ပွားရာ မှတ်တိုင်ရွာအနီး နမ့်စမ်းရွာတွင် ထိုစစ်ကြောင်း ခြေကုပ်ယူထားစဉ် ကသာနှင့် မြို့လှ PDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သေးသည်။
ဖေဖော်ဝါရီ ၅ နှင့် ၆ ရက်က ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကသာ-PDF အဖွဲ့က နောက်တစ်ရက်တွင် ထုတ်ပြန်ဖူးသည်။
ကသာမြို့ပတ်ဝန်းကျင် စစ်ဆင်ရေးများတွင် ထိုသို့ အခြေမလှဖြစ်နေသည့် စစ်တပ်က ရွာအချို့မှ လူ ၅၀ ခန့်ကို ခေါ်ကာ မတ် ၂ ရက်မှစ၍ မြို့နယ်ရဲစခန်းအတွင်း မိုင်းသင်တန်းပေးနေသည်ဟု PDF နှင့် နီးစပ်သည့် အထက်ပါ မြို့ခံအမျိုးသမီးက ပြောသည်။
သင်တန်းစတင်သည့် ထိုရက်က မိုင်းကွဲသံများ မြို့အနှံ့ ကြားခဲ့ရကာ ၁၀ လုံးထက်မနည်းရှိမည်ဟု ၎င်းက ခန့်မှန်းသည်။ ထိုကိစ္စကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော် စစ်တပ်က မိုင်းသင်တန်းစပေးသည့် မတ် ၂ ရက်ညတွင် ကသာမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသည့် စစ်သားနှစ်ဦးကို မြို့ခံပြောက်ကျားအဖွဲ့က ဒဏ်ရာရအောင် ပစ်ခတ်နိုင်ခဲ့သည်ဟု ကသာ PDF က နောက်တစ်ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေသည်။
ထိုအထဲတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ကျေးရွာများလည်း ပါဝင်နေသည်။
ခုခံမှုများကို လေကြောင်းပါ သုံး၍ စစ်ကောင်စီက ပြင်းပြင်းထန်ထန် နှိမ်နင်းနေပြီး စစ်ကိုင်းတိုင်းတွင် မတ် ၂ ရက်မှစ၍ အင်တာနက်ဆက်သွယ်ရေးလိုင်းများပါ ဖြတ်တောက်လိုက်ပြီဖြစ်သည်။
မိုဘိုင်းအော်ပရေတာများဖြစ်သော MPT၊ Telenor၊ Mytel နှင့် Ooredoo တို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသည့်စာတွင် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့တို့အပ ကျန်မြို့နယ်ပေါင်း ၂၃ မြို့နယ်တွင် မိုဘိုင်းအင်တာနက်ကို ပိတ်ရန် ညွှန်ကြားထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)