မကွေးတိုင်း၊ ပေါက်မြို့တောင်ပိုင်းတွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ဝင်များက ကျေးရွာနှစ်ရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ပေါက်မြို့တောင်ဘက် ၁၈ မိုင်အကွာရှိ လယ်ယာနှင့် လက်ပံလှကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများက မတ် ၂ ရက်တွင် မီးရှို့ဖျက်ဆီးသဖြင့် ပစ္စည်းအနည်းငယ် ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ရွာရဲ့ ကုန်းဆင်းလမ်းကနေ လှမ်းမြင်နေရတာ။ အဲဒီကနေပြီး တန်းစီပြီး ဆင်းလာကြတာ။ အရှေ့မှာ လာပြီ လာပြီ၊ စစ်သားတွေနဲ့ ပျူစောထီးတွေ ထင်တယ်ဆိုပြီး အော်တော့ ကျွန်မတို့မှာ ဆိုင်ကယ်တွေတော့ ပါတယ်။ ဆိုင်ကယ်တွေစီးပြီး ထွက်လာခဲ့ရတာ” ဟု လယ်ယာကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသမီးက ပြောသည်။
စစ်တပ်နှင့် ပျူစောထီးများက လယ်ယာကျေးရွာတွင် စခန်းချကာ ည ၈ နာရီခန့်တွင် မီးတုတ်များကိုင်ဆောင်၍ နေအိမ်များကို မီးရှို့ရာ အိမ်ခြေ ၂၆၀ အနက် ၂၀၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“လက်နက်သံတွေ ကြားသေးတယ်။ သူတို့ ရွာထဲမှာ ပစ်ခတ်နေတယ်ပဲ ထင်ပြီးတော့ ပြန်ပြီးအိပ်နေတဲ့အချိန်မှာ မီးတောက်တွေကို မြင်ရတော့တာ။ မီးတွေကလည်း လေကတိုက်တော့ တရစပ် တစ်ရွာလုံးကို သိမ်းပြီးတော့ လောင်သွားတော့တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မီးရှို့ခံရသဖြင့် မိသားစုပိုင် အုတ်ခံနှစ်ထပ်အိမ်တစ်လုံး၊ ကြက်သွန် တင်း ၆၀၀ ကျော်နှင့် သိုလှောင်သည့် နှစ်ထပ်အဆောင်တစ်လုံး၊ နွားစာစဉ်းသည့်စက်၊ နွားတင်းကုပ်၊ ရေစက်တို့အပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၅၀၀ ကျော် ဆုံးရှုံးသည်ဟု ဆိုသည်။
“ကျွန်မတို့လိုပဲ သူတို့ အခုလို အိုးပစ်၊ အိမ်ပစ် ထွက်ပြေးရတဲ့ ဘဝတွေကို မရောက်ပါစေနဲ့လို့ပဲ ပြောချင်ပါတယ်။ သူတို့ စစ်အာဏာရှင်တွေနဲ့ ပျူစောထီးတွေကိုလည်း အမြစ်ပြတ်ချေမှုန်းပစ်မယ်” ဟု လယ်ယာရွာခံ ထိုအမျိုးသမီးက ပြောသည်။
စစ်တပ်နှင့် ပျူစောထီးများသည် ယမန်နေ့တွင် ယောချောင်းကို ဖြတ်ကာ လယ်ယာရွာအနောက်ဘက်ရှိ လက်ပံလှကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အိမ်ခြေ ၉၀ ရှိ ထိုရွာတွင် အိမ် ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု ပေါက်မြို့နယ်တောင်ပိုင်းတွင် လှုပ်ရှားသည့် ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။
“သူတို့က လက်နက်ကြီးတွေ ၆၀ မမတွေနဲ့ ရွာတွေထဲကို လှမ်းပစ်ပြီး ဝင်လာတာ။ အဲဒီတော့ ပြည်သူတွေကို ရှောင်နိုင်အောင် ကုန်းပေါ်ကို ရောက်အောင် တင်ပြီးတော့ ရွာထဲကို အဝင်ခံလိုက်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ကာကွယ်မပေးနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
လယ်ယာနှင့် လက်ပံလှကျေးရွာများကို လာရောက်တိုက်ခိုက်သော စစ်တပ်နှင့်အတူ ပေါက်တောင်ပိုင်းရှိ ဝင်ခြုံး၊ ပင်တောင်၊ သစ်ချိုကုန်းကျေးရွာများမှ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ကြောင်း စုစုပေါင်း အင်အား ၁၅၀ ကျော် ရှိသည်ဟုလည်း ၎င်းက ပြောသည်။
လယ်ယာကျေးရွာကို မီးရှို့စဉ် လက်လုပ်လက်နက်များဖြင့် ပြန်လည်ခုခံရန် ကြိုးပမ်းခဲ့သော်လည်း အင်အားချင်း မမျှ၍ အလျှော့ပေးခဲ့ရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ရဲ့ လက်လုပ်လက်နက်တွေက ဘယ်ထိရောက်မှာတုန်း။ ကျွန်တော်တို့ရဲ့ လက်လုပ်တွေကျတော့ သူတို့ဟာတွေလို မှန်းလို့မရဘူးလေ။ မကောင်းဘူးလေ” ဟု ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောပြသည်။
Myanmar Now က ရရှိထားသည့် ရုပ်သံနှင့် ဓာတ်ပုံများအရ အဆိုပါ ကျေးရွာနှစ်ခုမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးနေသည်ကို တွေ့ရသည်။
လယ်ယာကျေးရွာတွင် စစ်ရှောင်ဒုက္ခသည် ဦးရေ ၁၇၀၀ ကျော်ရှိပြီး အမျိုးသမီး ၇၀၀၊ ၁၈ နှစ်အောက် ၅၀၀ ကျော် ပါဝင်ပြီး လက်ပံလှကျေးရွာမှ စစ်ရှောင်ဒုက္ခသည်အရေအတွက်ကို အတိအကျ မသိရသေးပေ။
ယနေ့ ( မတ် ၄) တွင် အဆိုပါ ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းမှာ လက်ပံလှကျေးရွာမှ ထွက်ခွာလာပြီး ဘို့မယ်နှင့် အင်းငယ်တောင့်ကျေးရွာများကို လာရောက်တိုက်ခိုက်ရန် ဦးတည်နေ၍ ဒေသခံ PDF များစုစည်းကာ စောင့်ဆိုင်းနေကြောင်း သိရသည်။
ပေါက်မြို့နယ်မှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းရာ ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ပေါက်မြို့တောင်ဘက် မိုင် ၂၀ အကွာရှိ ကင်းမရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းပြီး အသက် ၈၀ ကျော်အရွယ် နှစ်ဦးလည်း မီးလောင်သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)