
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဆိုင်ကယ်များဖြင့် သွားလာနေသည့် စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးစစ်ကြောင်းကို ယနေ့ (မတ် ၄) နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မတ္တရာမြို့နယ် ကျောက်ဆည်လေးကျေးရွာအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်သား ၂၄ ဦးပါ စစ်ကြောင်းသည် မတ် ၁ ရက်ကတည်းက မတ္တရာအရှေ့ပိုင်းရှိ ကျေးရွာများကို ဆိုင်ကယ်များဖြင့် စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနေခြင်းဖြစ်သည်ဟု မတ္တရာ PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် အဆိုပါ သဖန်းကိုင်းကျေးရွာနှင့် ကင်းကျေးရွာအကြား စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာစဉ် အသင့်ထောင်ထားသည့် မိုင်းများဖောက်ခွဲကာ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ၎င်းက ပြောသည်။
“မိုင်းခွဲလိုက်ကတည်းက ဆိုင်ကယ်လေးစီး တန်းထိတယ်။ လက်လုပ်စိန်ပြောင်းနှစ်လက်နဲ့ ပစ်ခတ်တာရော၊ သေနတ်နဲ့ ပစ်တာရောမှာ နောက်ထပ်နှစ်စီး ထိတယ်။ တော်တော် ထိထိရောက်ရောက် တိုက်ခိုက်ပြီးတော့ တပ်ဖွဲ့ဝင်တွေ နောက်ဆုတ်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းကို မန္တလေး PDF အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်ဖြင့် လာသည့် စစ်သားအားလုံးနီးပါး ဒဏ်ရာရရှိနိုင်ပြီး ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု မတ္တရာ PDF တပ်ဖွဲ့က ခန့်မှန်းသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
တိုက်ပွဲအပြီးတွင် စစ်သားများက ၎င်းတို့တပ်စွဲထားရာ သဖန်းကိုင်းစာသင်ကျောင်းသို့ ပြန်လာရာတွင် ဒဏ်ရာရသူများပါရှိသည်ကို တွေ့မြင်ရကြောင်း ရွာခံများကို ကိုးကား၍ မတ္တရာမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အချို့သော စစ်သားများကို လူနာတင်ကားနှစ်စီး၊ အိမ်စီးကားလေးစီးဖြင့် သယ်ဆောင်လာကို တွေ့ရသည်ဟုလည်း ၎င်းက ပြောသည်။
မန္တလေးမြို့မြောက်ဘက် မိုးကုတ်အသွားလမ်းမပေါ်ရှိ မတ္တရာမြို့နယ်တွင် ကင်းလှည့်ခြင်းနှင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်သည့် စစ်သားများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်သား ၁၂ ဦးပါ ကင်းလှည့်အဖွဲ့ကို မတ္တရာ PDF က ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။
ထို့ပြင် မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် စစ်ကောင်စီယာဉ်တန်းများလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရမှုရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)