နိုင်ငံတကာသတင်းသတင်း

ယူကရိန်းမြို့ကြီးတစ်မြို့ကို ရုရှားတပ်များက ပထမဆုံးအကြိမ်သိမ်းပိုက်

ယူကရိန်းနိုင်ငံအား ရုရှား၏ကျူးကျော်စစ်ပွဲမှာ ဆက်လက်အရှိန်မြင့်နေပြီး ယမန်နေ့တွင် မဟာဗျူဟာကျသည့် မြို့တစ်မြို့ဖြစ်သည့် ခါဆန်မြို့ကို ရုရှားတပ်များက သိမ်းနိုင်ခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ဆိုသည်။

ထိုမြို့သည် လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်ခဲ့သည့် ရုရှား၏ကျူးကျော်စစ်ပွဲအတွင်း ပထမဦးဆုံးအကြိမ် ရုရှားလက်အောက်ကျသွားသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ ခရိုင်းမီးယားကျွန်းဆွယ်အနောက်မြောက်ဘက်ရှိ လူပေါင်း သိန်းကျော်နေထိုင်သော ခါဆန်မြို့ကျသွားခြင်းသည် စစ်ရေးအရထူးခြားမှုရှိသည်။ အကြောင်းမှာ ထိုမြို့မှတစ်ဆင့် ရုရှားတပ်များ ယူကရိန်းတောင်ပိုင်းကမ်းခြေကို ပိုမိုထိန်းချုပ်လာနိုင်ပြီး၊ ဩဒေစ္စမြို့ရှိရာ အနောက်ဘက်သို့ စစ်ချီလာနိုင်သောကြောင့် ဖြစ်သည်။

ခါဆန်မြို့တော်ဝန် အီဂေါကိုလီခေးယက်ဗ်နှင့် ယူကရိန်းအဆင့်မြင့်အစိုးရတာဝန်ရှိသူတစ်ဦးတို့က ခါဆန်မြို့ကျသွားသည်ကို အတည်ပြုပြောဆိုသည်။ ခါဆန်မြို့ကို ရုရှားတပ်များက ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြောင်း ယူကရိန်းတပ်များက အပြင်းအထန်ပြန်လည်ခုခံခဲ့သော်လည်း နောက်ဆုံးတွင် အနီးရှိ မိုကိုလေ့ဗ်မြို့ကို ဆုတ်ခွာခဲ့ရသည်ဟု မြို့တော်ဝန်က ဆိုသည်။

ရုရှားစစ်တပ်အရာရှိ ဆယ်ဦးခန့်က ခါဆန်မြို့တော်ခန်းမတွင် ဝင်ရောက်နေရာယူပြီး ရုရှားပုံစံ မြို့အုပ်ချုပ်ရေးစခန်းတစ်ခု ဖွင့်လှစ်ဖို့ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သူက ဆိုသည်။

အမေရိကန်စစ်တပ်တာဝန်ရှိသူတစ်ဦး၏အဆိုအရ ယူကရိန်းနိုင်ငံအနှံ့ ဝင်ရောက်ထားသည့် ရုရှားတပ်များသည် ထောက်ပို့ဆိုင်ရာအခက်အခဲများကို ဆက်လက်ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် မြို့ပြများရှိ အရပ်ဘက်အဆောက်အအုံများကိုလည်း ရုရှားတပ်ခေါင်းဆောင်များ၏ အမိန့်အတိုင်း ပိုမိုပြီးရက်ရက်စက်စက် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရှိရသည်။

လတ်တလောတွင် ယူကရိန်းမြို့တော် ကိယက်ဗ်မြောက်ဘက်တွင် မိုင်ပေါင်းများစွာရှည်လျားသော ရုရှားစစ်ယာဉ်တန်းမှာ တရွေ့ရွေ့နှင့် မြို့တော်ကို သိမ်းရန် ဆက်လက်ချီတက်နေသည်။ ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီး၏ ဦးဆောင်မှုဖြင့် ယူကရိန်းပြည်သူများသည် လက်နက်စွဲကိုင်တွန်းလှန်မှုတွင် ပါဝင်နေကာ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုကလည်း တင့်ကားဖျက်ဒုံးများ၊ မြေပြင်မှဝေဟင်ပစ်အမြောက်များ၊ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းများနှင့် အခြားသောစစ်ဘက်ဆိုင်ရာပစ္စည်းများကို ယူကရိန်းနိုင်ငံကို ပို့ပေးနေသည်။

(ကိုးကား၊ New York Times)  

Show More

Related Articles

Back to top button