
ရုရှား၏ ယူကရိန်းအားကျူးကျော်စစ်ပွဲကြောင့် အရပ်သားပေါင်းရာနှင့်ချီသေဆုံးပြီး သိန်းနှင့်ချီထွက်ပြေးနေကြရသော်လည်း ထိုစစ်ပွဲကို အထူးစစ်ဆင်ရေးအဖြစ် နားလည်ပါရန် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ယမန်နေ့က သတင်းထုတ်ပြန်သည်။
ယူကရိန်းနိုင်ငံတွင်းရှိ စစ်မက်ဖြစ်ပွားနေမှုနှင့် နာဇီဝါဒထွန်းကားနေမှုကို သုတ်သင်ရန် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေးလုပ်နေခြင်းသာဖြစ်ကြောင်း ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူတို့အပေါ် စစ်ပွဲဆင်နွှဲနေခြင်းမဟုတ်ကြောင်း၊ သို့သော် မြန်မာမီဒီယာများက မပြည့်စုံသည့် သတင်းအချက်အလက်များအပေါ် ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး သတင်းရေးသားနေသည်ကို သတိပြုမိပါကြောင်း ရုရှားသံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရုရှားအစိုးရသည် ၎င်း၏နိုင်ငံတွင်လည်း ယူကရိန်းအားကျူးကျော်မှုကို ကျူးကျော်မှု၊ တိုက်ခိုက်မှု၊ စစ်ပွဲဆင်နွှဲမှုဟု သတင်းမီဒီယာများက မသုံးရန် တားမြစ်ထားသည်။ ထိုအချက်မှာ ရုရှား၏ဩဇာခံ မြန်မာစစ်တပ်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အာဏာထိန်းမှုဟုလည်းကောင်း၊ မလွှဲမရှောင်သာတာဝန်လွှဲပြောင်းယူရသည်ဟုလည်းကောင်း ဝါဒဖြန့်သည့်အချက်နှင့် ထပ်တူကျနေသည်ကို တွေ့ရှိရသည်။
ရုရှားသံရုံး၏ Facebook စာမျက်နှာတွင် တင်ထားသော ကြေညာချက်အောက်တွင် မြန်မာနိုင်ငံသားများက ယူကရိန်းအားကျူးကျော်မှုကို ရှုတ်ချကြောင်း ဝေဖန်လှောင်ပြောင် ရေးသားနေကြသည်။
“လူသတ်သမား ကျူးကျော်ကောင်တွေ၊ အရှက်တရားမဲ့တဲ့ရုရှား။ ဖက်စစ်ရုရှား၊ မင်းရဲ့အလိမ်အညာစကားကို နားထောင်မှာ မြန်မာပြည်က မင်းတို့မဟာမိတ် စစ်အာဏာရှင်မင်းအောင်လှိုင်ပဲရှိမယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်းက ထိုကြေညာချက်အောက်တွင် မှတ်ချက်ပြုထားသည်။
သဘာဝသယံဇာတအရေးစောင့်ကြည့်လေ့လာသူ ကိုရဲလင်းမြင့်ကလည်း “မင်းတို့ဟာ အပြစ်မဲ့ ယူကရိန်းပြည်သူတွေကို သတ်နေတဲ့ အကြမ်းဖက်ကျူးကျော်သူ ဖက်စစ်တွေပဲ” ဟုလည်းကောင်း မှတ်ချက်ပြုသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ လဖိုင်မော်ထွန်းကလည်း “ဆင်တစ်ကောင်လုံးကို ဆိတ်သားရေနဲ့ ဖုံးဖို့ မကြိုးစားနဲ့ ပူတင်ဟာ ကျူးကျော်သူ ရာဇဝတ်ကောင်ဆိုတာ ရှင်းနေတာပဲ” ဟု ရေးသားသည်။
ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် ရုရှားသမ္မတပူတင်၏လုပ်ရပ်ကို ထောက်ခံကြောင်း စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောကြားထားသည်။
ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချနေချိန်တွင် စစ်ကောင်စီက ရုရှားဘက်က ရပ်တည်ပြောဆိုခြင်းမှာ အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။
အနောက်နိုင်ငံများက လက်နက်ရောင်းချမှု ကန့်သတ်ပိတ်ပင်ခြင်းကြောင့် မြန်မာစစ်တပ်အနေဖြင့် ရုရှား၏စစ်လက်နက်ပစ္စည်းများကို အဓိကအားကိုးနေရသည်။ ရုရှားနိုင်ငံတွင် စစ်ဘက်အရာရှိ ၇,၀၀၀ ကျော် ပညာသင်ကြားနေသည်ဟုလည်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုဖူးသည်။
စစ်ကောင်စီ၏ ရုရှားကို ထောက်ခံမှုမှာ အာဏာရှင်နှစ်ဦးကြား သဘာဝကျသည့် ဆက်နွှယ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews က တွစ်တာလူမှုကွန်ရက်တွင် ရေးသားသည်။
“အသွင်တူစရိုက်တူသူတွေ ပေါင်းဖက်တဲ့သဘောပဲ။ ကမ္ဘာကြီးအနေနဲ့ ယူကရိန်းပြည်သူတွေ၊ မြန်မာပြည်သူတွေနဲ့အတူ စကားလုံးအရရော လုပ်ဆောင်ချက်အရရော ရပ်တည်ကြောင်း ပြသရပါမယ်” ဟု Tom Andrews က ဆိုသည်။
ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရကို ဖြတ်ချပြီး စစ်တပ်က အာဏာသိမ်းယူလိုက်သည့် ပြီးခဲ့သည့်နှစ်မှစ၍ စစ်ကောင်စီနှင့် ရုရှားကြား ဆက်သွယ်မှု ပိုမိုပြုလုပ်လာသည်။
စစ်အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းကာကွယ်ရေးဒုံးလက်နက်၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါလက်နက်များရောင်းချရန် သဘောတူခဲ့သည်။
အာဏာသိမ်းပြီး ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားနိုင်ငံထုတ်ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့ကြောင်း The Moscow Times သတင်းစာက ပြီးခဲ့သည့်နှစ် ဧပြီလတွင် ရေးသားဖော်ပြသည်။
မတ်လနှောင်းပိုင်းက ကျင်းပခဲ့သည့် တပ်မတော်နေ့အခမ်းအနားကို တပ်ရောက်ရန် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Vasilyevich Fomin နေပြည်တော်သို့ လာရောက်ခဲ့သည်။
၎င်းလာရောက်ချိန်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းဆန့်ကျင်သူပြည်သူများက မီးသတ်ဘူးများ၊ တုတ်၊ ဓားများနှင့် ၎င်း၏ ဩဇာခံစစ်တပ်ကို တန်ပြန်နေကြောင်း ထိုပစ္စည်းများကို ခင်းကျင်း၍ ခေါ်ယူပြသခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကို အိမ်နီးချင်း အာဏာရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ပေါ်ပေါ်ထင်ထင် ထောက်ခံမှု မရှိသော်လည်း ရုရှားကမူ မင်းအောင်လှိုင်ကို ဖိတ်ကြား၍ ဆုတံဆိပ်ပင် ချီးမြှင့်ခဲ့သည်။
အရပ်သားပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် မြန်မာကို လက်နက်တင်ပို့မှု ဖြတ်တောက်ရန် ကုလသမဂ္ဂအထွေထွေညီလာခံက တောင်းဆိုသည့်ဆုံးဖြတ်ချက်ချပြီး ပြီးခဲ့သည့်နှစ် ဇွန် ၂၀ တွင်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားကို သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့သည်။