
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်သား ၁၂ ယောက်ပါ အဖွဲ့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) ညနေပိုင်း၌ ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဆိုသည်။
ယမန်နေ့ည ၈ နာရီခွဲခန့်တွင် မတ္တရာမြို့အပြင် မန္တလေး-မိုးကုတ်ကားလမ်းတွင် ကင်းလှည့်နေသည့်အဖွဲ့ ကျေးလက်ဖွံ့ဖြိုးရေးရုံးအနီး ရောက်ရှိစဉ် ချိန်ကိုက်မိုင်းကို ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု မတ္တရာ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သတင်းပေးတွေရဲ့ ပေးပို့ချက်အရဆို ၁၂ ယောက်လုံး ထိတယ်။ သေဆုံးတာကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဆိုသည်။
ဖောက်ခွဲခံရသည့် အဆိုပါ စစ်ကောင်စီ၏ တပ်ဖွဲ့သည် နေ့အချိန်တွင် သွားလာနေသည့် ပြည်သူလူထုကို စစ်ဆေးခြင်း၊ ငွေတောင်းခြင်းများ ပြုလုပ်ပြီး ညပိုင်း၌ ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ပေါက်ကွဲသံကတော့ တစ်မြို့လုံးကို တုန်သွားတာပဲ။ ဒီမြို့မှာက ည ၈ နာရီ အပြင်မထွက်ရအမိန့်က ရှိတော့ တခြား ဘာမှ အတည်တကျ မသိရဘူး။ စကစကကောင်တွေ ထိတယ်ပဲ ကြားတယ်” ဟု သူက ဆိုသည်။
မတ္တရာမြို့နယ်တွင် PDF များ အားကောင်းပြီး စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားနေပြီး ယမန်နေ့၌ပင် မတ္တရာမြို့နယ် ကန်ပိုင်ကျေးရွာနှင့် သဲကောကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရသည်။
ထိုလုပ်ကြံသတ်ဖြတ်ခံရသူ အုပ်ချုပ်ရေးမှူးနှစ်ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို Myanmar Now က စုံစမ်းနေဆဲ ဖြစ်သည်။
မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်သွားပြီးနောက် အုပ်ချုပ်ရေးမှူးတာဝန် အစားထိုးယူထားသူများကို ပြည်သူနှင့် ပူးပေါင်းရန် သတိပေးစာထုတ်ထားသော်လည်း ထိုနှစ်ဦးသေဆုံးခြင်းမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း PDF အဖွဲ့က ငြင်းဆန်ထားသည်။
မတ္တရာတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်များ တိုက်ခိုက်ခံရခြင်း၊ စစ်ကောင်စီသတင်းပေး ဒလန်များ၊ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီဘက်မှလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် CDM ဝန်ထမ်းနှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူတို့ကို သတ်ဖြတ်ခဲ့သည်။
ယမန်နှစ် ဒီဇင်ဘာ ၁၂ ကလည်း မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု၊ စခန်းကြီးကုန်းကျေးရွာအခြေစိုက် မဟာကုသလကာရီ နာမှုကူညီရေးအသင်း အတွင်းရေးမှူးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးသန်းမြင့်မှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်ခင် သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)