ကြာသပတေးနေ့ အစောပိုင်း ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်မြင်သံကြားတွင် ကြေညာခဲ့စဉ် တစ်ပြိုင်နက် ယူကရိန်းနိုင်ငံတစ်ဝန်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြို့တော် ကိယက်ဗ်တွင် ဗုံးပေါက်ကွဲမှုများ ကြားခဲ့ရသည်။ ထို့ပြင် ဒုတိယအကြီးဆုံးမြို့ဖြစ်သော Kharkiv မြို့နှင့် Donetsk ဒေသရှိ Kramatorsk မြို့များတွင်လည်း ပေါက်ကွဲမှုများ ထွက်ပေါ်နေသည်။
ထိုဒေသများမှာ ရုရှားကျောထောက်နောက်ခံပြု ယူကရိန်းနိုင်ငံတွင်း ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်ကတည်းက ၎င်းတို့ပိုင်နက်ဟု ကြွေးကြော်တောင်းဆိုထားသော ယူကရိန်းအရှေ့ပိုင်း နယ်မြေနှစ်ခုအနက်မှ တစ်ခုဖြစ်သည်။
ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့ဝင်များသည် တောင်ပိုင်းဆိပ်ကမ်းမြို့ Odessa ကို ဝင်ရောက်ခဲ့ပြီး ရုရှားပိုင်နက်နယ်မြေမှ ယူကရိန်းမြို့ Kharkiv သို့ ဖြတ်ကျော်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးကင်မရာများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် ရုရှားစစ်ဘက်ယာဉ်များသည် ခရိုင်းမီးယားကျွန်းဆွယ်မှ ယူကရိန်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည်ကို တွေ့ရှိရသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့သည်။ ရုရှားတပ်ဖွဲ့များက ပစ်ခတ်သော ဒုံးကျည်များသည် ယူကရိန်းမြို့တော် ကိယက်ဗ်မြို့အပြင်ဘက်ရှိ လေဆိပ်တစ်ခုတွင် ရပ်ထားသည့် ယူကရိန်းတိုက်လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယူကရိန်းသည် ၎င်း၏လေပိုင်နက်ကို လုံခြုံရေးအရ အရပ်ဘက်ခရီးသွားလေကြောင်း ပျံသန်းမှုများမပြုလုပ်ရန် ပိတ်ပင်ထားသည်။
အနောက်ပိုင်း Lviv မြို့နှင့် ကိယက်ဗ်မြို့ တွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သတိပေးဥသြသံများထွက်ပေါ်လာချိန်တွင် ဒေသခံများသည် ဘတ်စကားနှင့် မြေအောက်ရထားဘူတာများတွင် ခိုလှုံရန် ပြေးကြရသည်။ ကိယက်ဗ်မြို့တွင် လူအများအပြား ကားများပေါ် ပစ္စည်းများအပြည့် တင်ဆောင်ကာ မြို့ပြင်ထွက်လမ်းများတွင် ဆီဖြည့်ဖို့ တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။
ယူကရိန်းအရှေ့ပိုင်းတွင် ATM ငွေထုတ်စက်များနှင့် ဓာတ်ဆီဆိုင်များတွင် လူတန်းရှည်ကြီးများ စောင့်ဆိုင်းနေကြပြီး လူအများတို့မှာ အထိတ်တလန့်ဖြစ်နေကြသည်။
ရုရှားသမ္မတ မစ္စတာပူတင်က အထူးစစ်ဆင်ရေးဟု ဆိုစေကာမူ ယခုတိုက်ခိုက်မှုသည် ယူကရိန်းအရှေ့ဘက်ရှိ ရုရှားထောက်ခံသူ ခွဲထွက် သူပုန်နယ်မြေများကို ရုရှားဘက်က ဝင်ရောက်ထိန်းချုပ်ပေးခြင်းဆိုသည်ထက် ပိုသည်မှာ အလွန်ထင်ရှားသွားသည်။
တိုက်ခိုက်မှုများစတင်ပြီး တစ်နာရီအတွင်း ယူကရိန်းနိုင်ငံ အရေးပေါ်ဝန်ဆောင်မှုဌာနက တိုက်ခိုက်မှုများသည် အဓိကအားဖြင့် ယူကရိန်း၏ အရှေ့ဘက်နှင့် တောင်ဘက် ဒေသ ၁၀ ခုတွင် ဖြစ်ပေါ်နေကြောင်း ကြေညာခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) က ယခုတိုက်ခိုက်မှုသည် ရုရှားက ယူကရိန်းအား အလုံးအရင်းကျူးကျော်မှုဟု ခေါ်ဆိုခဲ့ပြီး၊ ယူကရိန်းသည် လက်နက်မချဘဲ ခုခံတိုက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် ပူတင်အား ရပ်တန့်ရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။
ရုရှားသည် ယူကရိန်း၏ စစ်ဘက်အခြေခံအဆောက်အအုံများ၊ လေကြောင်းရန်ကာကွယ်ရေးအဆောက်အအုံများ၊ စစ်လေယာဉ်ကွင်းများနှင့် ယူကရိန်းစစ်တပ်လေယာဉ်များကို ချေမှုန်းဖျက်ဆီးရန် “အဆင့်မြင့်တိကျသောလက်နက်များ” ကို အသုံးပြုနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သို့သော် ယခုတိုက်ခိုက်မှုများသည် လူနေမြို့များကို တိုက်ခိုက်ခြင်းမဟုတ်ကြောင်းနှင့် “အရပ်သားလူထုကို အန္တရာယ်မရှိစေရ” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာက ကတိပြုခဲ့သည်။
ယူကရိန်းနိုင်ငံ တောင်ပိုင်းမြို့များဖြစ်သည့် Kharkiv နှင့် Kherson မြို့များအပါအဝင် နေရာအများအပြားတွင် ရုရှားစစ်သင်္ဘောများသည် ကျူးကျော်ဝင်ရောက်လာနေကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
မြောက်ပိုင်းရှိ Nizhyn မြို့ရှိ စစ်ဘက်ကွပ်ကဲရေးစခန်းတစ်ခုကို အမြောက်ကျည်ထိမှန်ကာ အရေးပေါ်ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့ပြီး မြို့တော်၏လေဆိပ်တိုက်ခိုက်မှုတွင် အပျက်အစီးများအောက် လူခြောက်ဦး ပိတ်မိခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ဘက်ဆိုင်ရာ သိုလှောင်ရုံများ၊ ကုန်လှောင်ရုံများနှင့် မြို့စောင့်တပ်များကို ရုရှားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မြို.တော်ကိယက်ဗ်တွင် အရုဏ်တက်မိုလင်းသည်နှင့် ယူကရိန်းသမ္မတ Volodymyr Zelensky က နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးကြေညာထားကြောင်း ပြည်သူလူထုကို အသိပေးပြောကြားသည်။
ယူကရိန်းနိုင်ငံ၏ကာကွယ်ရေးဝန်ကြီးက ယူကရိန်းစစ်တပ်သည် “ရန်သူတပ်များကို ခုခံကာကွယ်နေပြီး” “ကျွန်ုပ်တို့ပြည်သူများကို ကာကွယ်ရန် လုပ်နိုင်သမျှအားလုံး လုပ်ဆောင်နေသည်” ဟု ပြည်သူများအား ပြောကြားခဲ့သည်။
သို့ရာတွင် ယူကရိန်းစစ်တပ်သည် ရုရှားတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံနေရသည်။ နိုင်ငံအရှေ့ဘက်တွင် ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ဝင်ရောက်လာသောရုရှားတပ်များနှင့် ပူးပေါင်းကာ အင်အားကြီးထွားသွားပြီး ယူကရိန်းတပ်များကို တိုက်ခိုက်နေပြီဖြစ်သည်။
ယခုအပတ်တနင်္လာနေ့တွင် မစ္စတာပူတင်က လွတ်လပ်သည့်နိုင်ငံများဟု အသိအမှတ်ပြုထားသည့် ယူကရိန်းခွဲထွက်သူပုန်များလှုပ်ရှားရာ Donetsk နှင့် Luhansk နယ်မြေအားလုံးကို သိမ်းပိုက်ရန် ခွဲထွက်သူပုန်များသည် “ရှိသမျှလက်နက်အားလုံးကို သုံးစွဲကာ” တိုက်ခိုက်နေပြီဖြစ်ကြောင်း ရုရှားသတင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုများတွင် အမြောက်များဖြင့် ပစ်ခတ်မှုများ ပါဝင်သည်ဟု ယူကရိန်းဘက်က ဆိုသည်။
ယူကရိန်းနိုင်ငံမြောက်ပိုင်း ဘီလာရုစ်တွင် တပ်စွဲထားသော ရုရှားတပ်ဖွဲ့ဝင်များသည် ဘီလာရုစ်စစ်တပ်၏ ပံ့ပိုးကူညီမှုဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့ကြောင်း ယူကရိန်းပြည်နယ် နယ်စပ်ရေးရာဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ယခုလတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက်ဆိုကာ ရုရှားတပ်ဖွဲ့ဝင်သုံးသောင်း ဘီလာရုစ်သို့ ရုရှားက စေလွှတ်ထားသည်။ ထိုအချက်မှာ ဘီလာရုစ်နိုင်ငံနယ်နိမိတ်စည်းကြောင်းမှ မိုင် ၁၄၀ အကွာအဝေးရှိ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ရုရှားက တိုက်ခိုက်ရန် ကြံရွယ်နေခြင်းဖြစ်ကြောင်း အမေရိကန်က သတိပေးခဲ့ရာ ထိုသတိပေးချက်မှာ အမှန်တကယ်ဖြစ်လာခဲ့သည်။
ကိယက်ဗ်မြို့၌ ယနေ့ နံနက် မိုးလင်းနေမြင့်သည့်အချိန်တွင် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးနှင့် လေတပ်အခြေစိုက်စခန်းအားလုံးကို အသုံးပြု၍မရနိုင်အောင် ပြုလုပ်ထားပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Luhansk ဒေသရှိ ရွာနှစ်ရွာကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်သည်။ ယနေ့ ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာသည်။
ယူကရိန်းတပ်ဖွဲ့များသည် အဓိကမြို့ကြီးများကို ထိန်းချုပ်ရန်အတွက် ရုရှားတိုက်လေယာဉ်ခြောက်စီးနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို ပစ်ချခဲ့ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က ယူကရိန်းအရပ်သားအားလုံးကို တိုက်ပွဲတွင် ပါဝင်ရန်နှင့် နယ်မြေကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စာရင်းသွင်းရန် နှိုးဆော်ခဲ့သည်။
“ယူကရိန်းသည် အလုံးစုံကာကွယ်ရေးအသွင်သို့ ကူးပြောင်းနေပြီ” ဟု ၎င်းက ပြောသည်။
အိမ်နီးချင်း ယူကရိန်းနိုင်ငံသည် ရုရှား၏အစဉ်အလာပိုင်နက်နယ်မြေတစ်ခုဖြစ်ကြောင်း ပူတင်က ကြေညာထားပြီး၊ ယူကရိန်းနိုင်ငံသည် မြောက်အတ္တလန်တိတ်စာချုပ်ပါ အနောက်အုပ်စုဒီမိုကရေစီနိုင်ငံများစုပေါင်းဖွဲ့ထားသည့် NATO အဖွဲ့တွင် မပါဝင်ရေးနှင့် အရှေ့ဥရောပတွင် နေတိုးတပ်များချထားမှုကို ဖယ်ရှားရေးစသည့်တောင်းဆိုချက်များကို အနောက်အုပ်စုက မလိုက်လျောဟုဆိုကာ ယူကရိန်းနိုင်ငံကို ယနေ့တွင် ရုရှားက စစ်ရေးအရ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။
ရုရှား၏လုပ်ရပ်သည် အကျိုးအကြောင်းမဲ့ပြီး တစ်ဖက်သတ်တိုက်ခိုက်မှုသာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်လိုက်သည်။ ယူကရိန်းနိုင်ငံအား ငွေကြေးနှင့် စစ်ရေးအကူအညီများ အမေရိကန်နှင့် ဒီမိုကရေစီနိုင်ငံများကပေးအပ်နေသော်လည်း၊ အမေရိကန်တပ်များကို ယူကရိန်းကို စေလွှတ်သွားမည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောကြားထားသည်။
ရုရှား၏စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံးသောစစ်ပွဲဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။