ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးတစ်ရပ်စတင်ပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်ပြီးတပြိုင်နက် ယူကရိန်းနိုင်ငံ၏မြို့တော်များဖြစ်သည့် ကီယက်၊ ခါကစ်နှင့် ဩဒေစ္စမြို့များတွင် ကြီးမားသော ပေါက်ကွဲသံကြီးများ ပေါ်ထွက်လာသည်။
ယူကရိန်းစစ်တပ်အား လက်နက်ဖြုတ်သိမ်းရေးလုပ်ဆောင်သွားမည်သာဖြစ်ပြီး ယူကရိန်းနိုင်ငံအား သိမ်းပိုက်သွားမည်တော့မဟုတ်ကြောင်း မော်စကိုစံတော်ချိန် ယနေ့ မနက် ၆ နာရီမထိုးခင် (မြန်မာစံတော်ချိန် ယနေ့မနက် ၉ နာရီခွဲ) ပူတင်က နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်ဖော်ပြောကြားသည်။
ခါကစ်နှင့် ဩဒေစ္စမြို့များရှိ နယ်နိမိတ်များမှတစ်ဆင့် ရုရှားတပ်များ ယူကရိန်းနိုင်ငံတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်းနှင့် ရုရှား၏လုပ်ရပ်သည် ယူကရိန်းနိုင်ငံအား ဖျက်ဆီးတိုက်ခိုက်ဖို့အတွက်သာဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
အိမ်နီးချင်း ယူကရိန်းနိုင်ငံသည် ရုရှား၏အစဉ်အလာပိုင်နက်နယ်မြေတစ်ခုဖြစ်ကြောင်း ပူတင်က ကြေညာထားပြီး၊ ယူကရိန်းနိုင်ငံသည် မြောက်အတ္တလန်တိတ်စာချုပ်ပါ အနောက်အုပ်စုဒီမိုကရေစီနိုင်ငံများစုပေါင်းဖွဲ့ထားသည့် NATO အဖွဲ့တွင် မပါဝင်ရေးနှင့် အရှေ့ဥရောပတွင် နေတိုးတပ်များချထားမှုကို ဖယ်ရှားရေးစသည့်တောင်းဆိုချက်များကို အနောက်အုပ်စုက မလိုက်လျောဟုဆိုကာ ယူကရိန်းနိုင်ငံကို ယနေ့တွင် ရုရှားက စစ်ရေးအရ စတင်တိုက်ခိုက်ခြင်းဖြစ်သည်။
ရုရှား၏လုပ်ရပ်သည် အကျိုးအကြောင်းမဲ့ပြီး တစ်ဖက်သတ်တိုက်ခိုက်မှုသာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်လိုက်သည်။ ယူကရိန်းနိုင်ငံအား ငွေကြေးနှင့် စစ်ရေးအကူအညီများ အမေရိကန်နှင့် ဒီမိုကရေစီနိုင်ငံများကပေးအပ်နေသော်လည်း၊ အမေရိကန်တပ်များကို ယူကရိန်းကို စေလွှတ်သွားမည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောကြားထားသည်။
ရုရှား၏စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံးသောစစ်ပွဲဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)