အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖမ်းဆီးခံရသည့် မန္တလေးမှ လူငယ် ၅ ဦး၊ ရဟန်း ၁ ပါးတို့အတွက် မိတ်ဆွေများ စိုးရိမ် 

မန္တလေးမြို့မှ တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးနှင့် ရဟန်းတစ်ပါး ဖမ်းဆီးခံရအပြီး ၁၀ ရက်ကျော်ကြာသည်အထိ မိသားစုများနှင့် အဆက်အသွယ်မရသောကြောင့် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု မန္တလေးသပိတ်အင်အားစုလူငယ်များက ဆိုသည်။

ဖေဖော်ဝါရီ ၉ ညနေတွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်အရှေ့ပိုင်း နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ကာ ကိုသူရအောင်၊ ကိုဖိုးလုံး၊ ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ကို ရိုက်နှက် ဖမ်းဆီးသွားကြောင်း၊ စစ်တပ်စခန်း အခြေစိုက်ထားသည့် နန်းတွင်းစစ်ကြောရေးစခန်း၌ ဆက်လက်ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဟု ယူဆကြောင်း မန္တလေးသပိတ်အင်အားစုလူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“(ဖမ်းခံရသူတွေက) ခေါင်းဆောင်ပိုင်းတွေလည်းဖြစ်တော့ သူတို့သိချင်တာ မေးမယ်။ မဖြေရင် သူတို့ဘက်က နှိပ်စက်တာ လက်လွန်သွားမှာတွေ ကျွန်တော်တို့ဘက်က စိုးရိမ်တယ်၊ (လက်လွန်သွားတာတွေက) ရှေ့မှာတွေလည်း ဖြစ်ထားတော့” ဟု ၎င်းက ဆိုသည်။ 

ညတွင်းချင်းပင် ဆန္ဒပြလူငယ်တို့၏နေအိမ်များကို လိုက်လံပြသခိုင်းကြောင်း၊ သင်္ဂဇာကျောင်းတိုက်မှ ဆရာတော် ဦးစန္ဒိမာထံ သွားရောက်ပြီး ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် ကိုဖိုးလုံး၏ညီမတော်စပ်သူကိုလည်း နောက်တစ်နေ့တွင် ၎င်းအလုပ်လုပ်နေသည့် ရွှေဆိုင်အထိ သွားရောက်ဖမ်းဆီးခဲ့သေးကြောင်း ပြောပြသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“နောက်ထပ်ဖမ်းခံရတဲ့ ဆရာတော်နဲ့ ကိုဖိုးလုံးညီမကိုလည်း အခုဘယ်နေရာမှာ ဖမ်းထားလဲ မသိရဘူး။ အဆက်အသွယ်လည်း မရဘူး။ မိသားစုတွေကလည်း စိတ်အရမ်းပူနေတယ်” ဟု ထိုလူငယ်က ဆိုသည်။

ဖမ်းဆီးခံရသူများ၏ကျန်းမာရေးနှင့် အသေးစိတ်အခြေအနေများကို မေးမြန်းရန် ကြိုးစားသော်လည်း မဟာအောင်မြေရဲစခန်းနှင့် စစ်ကောင်စီထံ ဆက်သွယ်၍မရသေးပေ။

အာဏာသိမ်းတစ်နှစ်ကျော်လာသည်အထိ ဆန္ဒပြမှုများအားကောင်းနေသည့် မန္တလေးတွင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူမဆို ရိုက်နှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို ချိပ်ပိတ်ခြင်းတို့ဖြင့် အကြမ်းဖက် နှိပ်ကွပ်နေရုံမျှမက လမ်းသွားလမ်းလာများကို စစ်ဆေးရှာဖွေခြင်း၊ ရပ်ကွက်များတွင် ဝင်ပေါက်ထွက်ပေါက်များ ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်းစီးနင်းရှာဖွေစစ်ဆေးခြင်း၊ ငွေညှစ်ခြင်းတို့ နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မဟာအောင်မြေအနောက်ရပ်ကွက်များကို ၂ ကြိမ် ပိတ်ဆို့စစ်ဆေးရာ လူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖမ်းဆီးခံရသူများ၏ အသေးစိတ်အခြေအနေများကိုမူ Myanmar Now က စုံစမ်းမရသေးပေ။

စစ်ကောင်စီ၏ ယင်းကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ဖိနှိပ်မှုများကြားကပင် ယနေ့ (ဖေဖော်ဝါရီ ၂၁) နေ့လယ်၌ မန္တလေးသပိတ်အင်အားစုလူငယ်များက “တစ်ဗိုလ်လဲရင် နှစ်ဗိုလ်တက်မယ်” “တွဲအားလုံးမှာ စက်ခေါင်းပါတယ်” စာသားများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အာဏာရှင်ဆန့်ကျင်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်သွားမည်ဟု မန္တလေးဆန္ဒပြလူငယ်တစ်ဦးဖြစ်သူ မအေးမြင့်အောင်အောင်က ပြောသည်။

“ဒီလိုမျိုး ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံရလို့ မန္တလေးဟာ ပြိုလဲသွားလိမ့်မယ် တွေးကြမယ်။ ကျွန်တော်တို့ မန္တလေးဟာ ဘယ်သောအခါမှ ပြိုလဲမသွားဘူး” ဟု မအေးမြင့်အောင်အောင်က ပြောသည်။

“တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်။ လူထုခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ရုံနဲ့ မန္တလေးဟာ အရှိန်အဟုန်ပျက်မသွားဘူး။ နောက်ထပ်ခေါင်းဆောင်တွေ အများကြီးထွက်လာလိမ့်မယ်” 

အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ၉၂၁၅ ဦး ဆက်လက် ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်လက်ချက်ကြောင့် ၁၅၆၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles