သတင်း

စစ်ကောင်စီ၏ လေကြောင်းစခန်းနေရာတချို့ကို တိုက်ခိုက်ခဲ့သည်ဟု PDF ပြော

လေတပ်စခန်း၊ ရဟတ်ယာဉ်ကွင်းနှင့် စစ်ဆေးရေးဂိတ်တစ်ခုတို့ ယမန်နေ့ ညပိုင်းတွင် အဝေးထိန်းဗုံး၊ ရှော့တိုက်ဒုံးများနှင့် တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၈) ညသန်းခေါင်ယံတွင် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ လေတပ်စခန်းကို တိုက်ခိုက်ခဲ့သည်ဟု People’s Force တော်လှန်ရေးအင်အားစုအဖွဲ့က သတင်းထုတ်ပြန်သည်။

တိုင်းရင်းသားဒေသများသို့ ဗုံးကြဲတိုက်ခိုက်နေသည့် တိုက်လေယာဉ်နှစ်စီးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲသည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ပျက်စီးထိခိုက်မှုအခြေအနေ မသိရသေးပေ။

“လေယာဉ်တောင်ပံမှာရှိတဲ့ Drop Tank မှာ TNT တစ်လုံးနဲ့ ပေါင် ၂၅၀ ဗုံးမှာ TNT တစ်လုံး ကပ်ပြီး ဖုန်းခေါ်ခွဲခဲ့ပါတယ်”ဟု People’s Force တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထိုဖောက်ခွဲမှုတွင် ရုရှားထုတ် YAK 130 အမျိုးအစား လေယာဉ်အမှတ် ၁၈၀၂ နှင့် ၁၈၀၃ တို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းဌာန၊ PVTV ကလည်း ယနေ့ နံနက်တွင် သတင်းထုတ်ပြန်သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့် တပ်မတော်လေမှတ်တမ်းဌာနမှ တပ်ကြပ်ကြီး ဇေယျ၏ အဆိုအရ လေတပ်စခန်းဌာနချုပ် ၉ ခု၊ လေတပ်စခန်း ၅ ခုရှိရာ၌ မှော်ဘီတွင် ကောင်းမွန်သည့် တိုက်လေယာဉ်များကိုသာ ထားကြောင်း သိရသည်။

လေတပ်စခန်းများကို ပတ်ပတ်လည်၌ ကြည်းတပ်များ ဝိုင်းထားသည့်ပုံစံ လုံခြုံရေးယူထားသဖြင့် ဝင်ရောက်ဖျက်ဆီးရန် ခက်မည်ဟု ယူဆနိုင်သော်လည်း အတွင်းလူက ကူညီလျှင် မဖြစ်နိုင်စရာအကြောင်းမရှိဟု တပ်ကြပ်ကြီး ဇေယျက မှတ်ချက်ပြုသည်။ 

စစ်ကောင်စီဘက်ကမူ ထိုတိုက်ခိုက်မှုဖြစ်စဉ် မရှိခဲ့ကြောင်း ငြင်းဆန်ထားသည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မြောက်ဘက်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က လက်လုပ်ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာသွားကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၉)တွင် ထုတ်ပြန်ကြေညာသည်။

ပခုက္ကူမြို့မြောက်ဘက် နည်းပညာကောလိပ်နှင့် ပေါက်လောင်ရွာကြား အင်အား ၁၀ ဦးခန့်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေစကြိုမြို့နယ်အခြေစိုက် Southern Yesagyo PDF နှင့် ပခုက္ကူမြောက်ပိုင်းအခြေစိုက် Pakokku North PDF တို့က ယမန်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Southern Yesagyo PDFခေါင်းဆောင် ကိုအောင်မောင်းက မီတာ ၃၀ အကွာမှ ရှော့ပြောင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈ ဦး သေဆုံး၍ ၂ ဦးဒဏ်ရာရရှိသည်ဟု သိရကြောင်း ပြောသည်။

“ကျွန်တော်တို့ ပစ်လိုက်ပြီး ထိုင်စောင့်နေကြတာ။ ၁၀ မိနစ်လောက် စောင့်နေတာ။ တစ်ယောက်မှ ပြန်မပစ်နိုင်ဘူး။ နာရီဝက်လောက်ကြာမှ စစ်ကူတွေ ရောက်လာတော့မှ သေနတ်ပြန်ပစ်သံ ကြားရတာ”ဟု သူက ဆိုသည်။

“ကျွန်တော်တို့က အကုန်သေမယ်လို့ ထင်တာ။ ဘာကြောင့်တုန်းဆိုတော့ ပေါက်ကွဲပြီးနောက်ပိုင်း သေနတ်ပစ်သံ တစ်ချက်မှ မကြားရဘူး။ သူတို့သေနတ်တွေကတော့ AK ခါးချိုးကြီးတွေဗျာ။ သွားကောက်ရင် (ကျွန်တော်တို့က) ပြန်ပစ်စရာ မပါဘူး။ လေးဂွနဲ့ ဓားမြှောင်ပဲ ပါတာ”

အလားတူ ယမန်နေ့ညကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အတွင်းရှိ ရဟတ်ယာဉ်ကွင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဒေသအခြေစိုက်အဖွဲ့များဖြစ်သည့် Freedom Revolution Force (FRF) နှင့် မဟာမိတ်များဖြစ်သည့် KG အဖွဲ့၊ ဗိုလ်လင်းယုန်အဖွဲ့တို့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု FRF က ထုတ်ပြန်ထားသည်။

နာရီဝက်ခန့်ကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်သည့် အဖွဲ့ဝင်များ ပြန်ဆုတ်ခွာနိုင်ရန် Monywa Night King အဖွဲ့မှ ကိုဘလက်ကီက လက်နက်ကြီးပစ်ကူခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ပေ။ 

စစ်ကိုင်းတိုင်း၊ ကရင်နီနှင့် ချင်းပြည်နယ်တို့တွင် လေကြောင်း၊ ကြည်းကြောင်းတို့မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက တစ်နေ့တည်းမှာပင် တစ်ပြိုင်နက်နီးပါး တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်သမားချေမှုန်းရေး အကြောင်းပြပြီး အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်လေ့ရှိသဖြင့် PDF များမှာ လူထုထောက်ခံမှု ရရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)ဗုံးခွဲမှု

လေတပ်

Show More

Related Articles

Back to top button