![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/amputated_woman_taken_to_hospital_mobye_shan_state_17_feb_2022_photo_mobye_rescue_team.jpg)
ရှမ်းပြည်နယ်၊ မိုးဗြဲမြို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၇) တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့်ပစ်၍ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့က ပြောသည်။
နေပြည်တော်ဝင်ပေါက်ဖြစ်သည့် မိုးဗြဲတွင် စစ်ကောင်စီတပ်က အင်အားတိုးချကာ မြို့အနှံ့ တပ်စွဲထားပြီး နံနက် ၅ နာရီခန့်မှစ၍ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီတွင် လေကြောင်းမှလည်း တိုက်ခိုက်သည်ဟု မိုးဗြဲ PDF ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“လေယာဉ် ၂ စီးနဲ့ ၇ ခေါက် ဗုံးကြဲသွားပါတယ်” ဟု ၎င်းက ဆိုသည်။
မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မနက်အစောပိုင်းတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ပြောသည်။
ထိုရပ်ကွက်သည် မိုးဗြဲမြို့အစွန် ဘီလူးချောင်းဘေး၊ မိုးဗြဲ-လွိုင်ကော် ကားလမ်းပေါ်တွင်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။
“သူတို့ဘက်မှာတော့ ထိခိုက်မှုများတယ်လို့ ပြောတယ်။ ကျွန်တော်တို့ဘက်မှာလည်း ရဲဘော်တစ်ယောက် ထိတယ်လေ” ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပေ။
စစ်တပ်က လက်နက်ကြီးဖြင့် တစ်နေကုန် တရစပ်ပစ်ခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်သည့်အခြေအနေကို မသိရသေးသော်လည်း စစ်တပ်၏ လက်ချက်ဖြင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Mobye Rescue Team (MBRT) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒဏ်ရာရသူများတွင် ကလေးတစ်ဦး၊ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး စည်ကား ၁ ရပ်ကွက်မှ အမျိုးသမီးတစ်ဦး သံချပ်ကာယာဉ်မှ ပစ်သည့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ညာဘက်ခြေထောက် ဖြတ်လိုက်ရသည်ဟု ၎င်းက ပြောသည်။
မွေတော်ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေစဉ် စစ်တပ်၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူများ ထိုစာရင်းတွင် ပါဝင်ပြီး အမျိုးသားနှစ်ဦးနှင့် ကလေးတစ်ဦး ဖြစ်ကြောင်း၊ အခြားအမျိုးသားတစ်ဦးမှာ ခြေထောက်ကို သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း MBRT က သတင်းထုတ်ပြန်ထားသည်။
ယနေ့တွင် မိုးဗြဲမြို့၌ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် ဒဏ်ရာရသူတို့၏ အသေးစိတ်အချက်အလက်များကိုမူ ပြည့်စုံစွာ အတည်မပြုနိုင်သေးပေ။
“ကျန်တဲ့စစ်ရှောင်တွေကတော့ ဘုန်းကြီးကျောင်းမှာ လုံခြုံစွာရှိနေမယ်လို့တော့ ယူဆရပါတယ်။ လက်နက်ကြီးလည်း ရမ်းသန်းပစ်ခတ်တော့ ဘုန်းကြီးကျောင်းတွေလည်း ရောက်တယ်လို့ ကြားရပါတယ်” ဟု MBRT တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အတူ တိုက်ပွဲအကြား ပိတ်မိနေသည့် ပြည်သူ ၁၀ ဦးခန့်ကို ကယ်ထုတ်ခဲ့ရကြောင်းလည်း ထိုသူက ဆက်ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅)မှစ၍ စစ်ကောင်စီက နေပြည်တော်နှင့် လေးနာရီခွဲဝန်းကျင် ခရီးသာရှိသည့် ရှမ်းပြည်နယ် မိုးဗြဲမြို့တွင် သံချပ်ကာယာဉ် ၂ စီး၊ စစ်သား ၂၀၀ မှ ၃၀၀ ကြား စစ်အင်အားတိုးမြှင့်ချထားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့(PDF)များက ပြောထားသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်ကြရာတွင် ကယားပြည်နယ်သည်လည်း ရှေ့တန်းမှ ပါဝင်သည်။
ထိုနှစ် မေလမှစခဲ့သည့် ပြည်နယ်အတွင်း PDF များ ဦးဆောင်ခုခံရာ ၉ လအတွင်း မြို့တော် လွိုင်ကော်ရှိ စစ်အုပ်ချုပ်ရေးယန္တရားကိုပါ ခြိမ်းခြောက်နိုင်သည့် အခြေအနေသို့ ရောက်ခဲ့ပြီးနောက် ဒေသတွင်း ဖုန်း၊ အင်တာနက် သုံးစွဲရ ပိုမိုခက်ခဲလာကာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ တိုး၍ လုပ်လာသည်။
ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်၊ စစ်ရှောင်စခန်းများပင် မချန် လက်နက်ကြီးနှင့် လေကြောင်းပါ သုံး၍ စစ်ကောင်စီက တိုက်ခိုက်နေချိန်တွင် လူဦးရေ သုံးသိန်းကျော်သာရှိသည့် ကယားပြည်နယ်အတွင်း ထက်ဝက်ခန့်မှာ စစ်ပြေးနေရသည်ဟု ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်မှတ်တမ်းအရ သိရသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)