
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်အစောပိုင်း ဖြတ်သန်းသွားသည့် စစ်ကောင်စီယာဉ်တန်းကို နေရာ ၅ နေရာထက်မနည်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး ပျက်စီးပြီး အနည်းဆုံး စစ်သား ၆ ဦးခန့် သေဆုံးသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဘက်က ပြောသည်။
စစ်ထရပ်ကား ၃၂ စီးပါ ယာဉ်တန်းသည် ထီးချိုင့်မြို့နယ်ဘက်မှ မန္တလေးဘက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ နံနက် ၄ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ် ၇ မိုင်မှ ထွက်ခွာလာပြီး မတ္တရာမြို့နယ်အဝင် နံနက် ၇ နာရီခန့်တွင် မန္တလေး – မိုးကုတ်လမ်း၌ စောင့်ကြိုတိုက်ခိုက်ကြကြောင်း မတ္တရာ PDF မှ တာဝန်ရှိသူက ပြောသည်။
မတ္တရာ ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မန္တလေး PDF တို့နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“ကျွန်တော်တို့မြို့နယ်ထဲဝင်တာနဲ့ (မိုင်း)စဆွဲတာပါ။ ပထမဆုံးနေရာမှာတင် ကားတစ်စီး လမ်းဘေး ချောက်ထဲ ထိုးကျတယ်၊ နှစ်စီးက ကျန်ခဲ့ပြီးတော့ ကျသွားတဲ့ကား ဆယ်တာရော၊ နယ်မြေရှင်းလင်းတာရော လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
နံနက် ၇ နာရီတွင် ဥက္ကံကျေးရွာနှင့် ပွဲစားကုန်းကျေးရွာကြားနှင့် ဘိုးတော်တောင်ကွေ့အနီး၊ သပြေကုန်းကျေးရွာနှင့် ဘိုကုန်းကျေးရွာကြား၊ နံနက် ၈း၄၀ ခန့်တွင် ကျောက်တံတားကျေးရွာအနီး၊ ၈း၄၇ တွင် ကျောက်တံတားကျေးရွာအနီး အခြားတစ်နေရာတို့၌ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နောက်ဆုံးသုံးကြိမ်က မိုင်းအကြီးတွေ သုံးခဲ့တယ်။ မိုင်းတစ်ကွင်းမှာ ကားမိုင်းအကြီး ငါးလုံးစီနဲ့ ခွဲခဲ့တဲ့အတွက် အထိအခိုက်များတယ်၊ နောက်ထပ်ကားတစ်စီးလည်း လမ်းဘေးထိုးကျတယ်” ဟု ထို PDF အမျိုးသားက ပြောသည်။
စစ်တပ်၏ ထိခိုက်မှုအခြေအနေကို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီက PDF တို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသလို PDF နှင့် ဆက်စပ်သည်ဟု ၎င်းတို့ယူဆလျှင် အကြမ်းဖက် ကိုင်တွယ်လေ့ရှိသည်။
တိုက်ခိုက်ခံရသည့် စစ်ယာဉ်တန်းသည် ထိခိုက်သည့်ကားအချို့နှင့် အစောင့်အချို့သာ ချန်ခဲ့ပြီး မန္တလေးဘက် ဆက်မောင်းနှင်သွားခဲ့ကြောင်း၊ ဒဏ်ရာရထိခိုက်သည့် စစ်သားများကို အရပ်ဘက်သုံးကားနှင့် ဒေသတွင်း ကယ်ဆယ်ရေးကားများတွင် တင်ကာ မန္တလေးဘက်သို့ ပို့ဆောင်နေသည်ကို တွေ့ရကြောင်း မတ္တရာမြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။
“ကားတွေက တစ်စီးမှ လူက ၅ ယောက်လောက်ပဲ ပါတာ တွေ့ရတယ်။ စည်ပီပါတွေ တွေ့ရတယ်။ ကြည့်ရတာ ထောက်ပို့ကားတွေ ထင်တယ်၊ လူကတော့ သိပ်မပါဘူး။ အခုနောက်ပိုင်း ဒီမှာ မြို့ကို ဖြတ်သွားတဲ့ ကားတွေက လူနည်းနည်းပဲ ပါတာ တွေ့ရတယ်”ဟု ယင်းမြို့ခံက ပြောသည်။
မတ္တရာမြို့နယ် အရှေ့ပိုင်းကျေးရွာများတွင် တစ်ပတ်ခန့်ကြာအောင် ခြေလျင်စစ်ကြောင်းထိုးပြီး မတ္တရာမြို့ဘက် ပြန်လာသည့် အင်အား ၃၀ ကျော်ပါ စစ်ကြောင်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ၌ မြောင်းသစ်ကျေးရွာနှင့် ကြပ်ပြင်ကျေးရွာအကြား ရေမြောင်းဘောင်တွင် အတန်းလိုက်ဖောက်ခွဲရသည့် ပဒေသာမိုင်း ၉ လုံးဖြင့် မတ္တရာ PDF က တိုက်ခိုက်ခဲ့သေးသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ကလည်း မန္တလေးမြို့မှ မိုးကုတ်မြို့ဘက်သို့ သွားနေသည့် စစ်ထရပ်ကားနှစ်စီးကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ဇန်နဝါရီ ၆ တွင် ကင်းကျေးရွာရှိ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် စက်ပစ္စည်းများနှင့် ကြိုးများကို ဖျက်ဆီးခဲ့သလို နောက်တစ်နေ့ (ဇန်နဝါရီ ၇)တွင် ထိုနေရာသို့ ဦးတည်လာသည့် စစ်ကားသုံးစီးပါယာဉ်တန်းကို မြောင်းဦးကျေးရွာအနီးတွင် လက်လုပ်မိုင်းဖောက်ခွဲ၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)