သတင်း

တိုက်ပွဲပြင်းထန်နေသော လွိုင်ကော်တွင် မီးကျွမ်းရုပ်အလောင်းနှစ်ခု တွေ့ 

ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) ၌ တိုက်ပွဲဖြစ်ခဲ့သည့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် သုံးမိုင်ပကြဲရွာတွင် မီးလောင်ကျွမ်းထားသည့်  အရပ်သားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။

တိုက်ပွဲမှာ နံနက်မှ ညနေအထိ ရွာအနီး ဖြစ်ပွားခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် KNDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မနေ့က နယ်မြေမရှင်းနိုင်ဘူးလေ။ ဒီမနက်မှပဲ နယ်မြေသွားရှင်းမှပဲ တွေ့တာ” ဟု ၎င်းက ပြောပြသည်။

“၇ နာရီနောက်ပိုင်းလောက်မှာ (တိုက်ပွဲ) စဖြစ်တာ၊ ဖြစ်တော့ လက်နက်ကြီးတွေနဲ့ ထုတယ်၊ ကျွန်တော်တို့ ပြန်ဆုတ်တယ်။ ဆုတ်တော့ (စစ်တပ်က) ရွာထဲမှာ လိုက်ဝင်မွှေတယ်လေ” 

ထိုသူနှစ်ဦးမှာ ဂိုဒေါင်စောင့်အလုပ်သမားများသာဖြစ်သည်၊ နယ်မြေရှင်းလင်းနေသည့် KNDF တပ်ဖွဲ့ဝင်များထံမှ အသေးစိတ်အချက်အလက်များ ထပ်မံရရှိပါက ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ခဲ့သည့် သုံးမိုင်ပကြဲရွာတွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ အင်အားမမျှသည့်အတွက် KNDF ဘက်က ပြန်ဆုတ်ခဲ့ရသဖြင့် ထိုနှစ်ဦး မီးရှို့ခံရသည်ကို ယနေ့မှ သိရကြောင်း အထက်ပါ တပ်ရင်း ၂ တာဝန်ရှိသူက ဆက်ပြောသည်။ 

“မီးခိုးလုံးတက်တဲ့အချိန်လည်းရှိတယ်လေ၊ တောက်လျှောက်ပဲ၊ ညနေပိုင်းအထိရှိတယ်” ဟု ၎င်းက ဆိုသည်။

“(ဘယ်အချိန်ပြန်ထွက်သွားလဲ) အတိအကျမသိဘူး။ ညကတောင်မှ မသေချာလို့ သတိဝီရိယနဲ့ နေရတယ်။ တောက်လျှောက်ပစ်နေတော့ ဘာမှ သွားကြည့်လို့ မရဘူးလေ” 

တိုက်ပွဲအဓိကဖြစ်သည့်ရွာနှင့် တစ်ဆက်တည်းရှိနေသည့် ပဒါးညေးရွာအနီးတွင်လည်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

အရပ်သားအမျိုးသားနှစ်ဦးကို စစ်ဝတ်စုံ ဝတ်ဆင်ပေး၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း KNDF က ယနေ့ ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့်ဓာတ်ပုံများအရ ပြာကျလုနီးပါး မီးလောင်ကျွမ်းနေသည့် အလောင်းနှစ်လောင်း တွေ့ရှိရပြီး စစ်ဝတ်စုံဟု ယူဆရသည့်အထည်တစ်ခု လောင်ကျွမ်းနေသည်ကို တွေ့ရှိရသော်လည်း Myanmar Now အနေဖြင့် ထိုအရာကို သီးခြားအတည်မပြုနိုင်ပေ။ 

KNDF တပ်ရင်း ၁၄ ကလည်း စစ်ကောင်စီတပ် ကင်းပုန်းဝပ်သည့်နေရာများဖြစ်သည့် လွိုင်ကော်မြို့နယ်၊ သုံးမိုင်ပကြဲနှင့် မော်ချီးစုစည်းရွာ အနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

သုံးမိုင်ပကြဲရွာနှင့် တစ်ဆက်တည်းရှိသည့် ပဒါးညေးရွာတွင်လည်း နေအိမ်အချို့မီးရှို့ခံရသည်ဟု အဆိုပါရွာအနီး နေထိုင်သည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

လွိုင်ကော်မြို့မြောက်ဘက် သုံးမိုင်ကျော်အကွာ သုံးမိုင်ပကြဲရွာသည် ပဒါးညေး၊ ကယန်းကြခူ စသည့် ရွာများနှင့် တစ်ဆက်တည်းရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီပြည်နယ်တွင် အရပ်သား ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ တွင် သတင်းထုတ်ထားသည်။

ကရင်နီဒေသအဖွဲ့တို့၏ လတ်တလောထုတ်ပြန်ချက်၊ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် စစ်ကောင်စီ ပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

ဤဒေသ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ယခင်ထုတ်ပြန်ချက်များတွင်မူ အရပ်သားတို့ကို သတ်ဖြတ်ခြင်းမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button