
ကရင်နီပြည်နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၀) တစ်ရက်တည်းတွင် တိုက်ပွဲသုံးကြိမ်ထက်မနည်း ဖြစ်ပွားပြီး စစ်တပ်က ပစ်သည့် လက်နက်ကြီးကျည် စစ်ရှောင်စခန်းတစ်ခုသို့ ကျသည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များက အတည်ပြုသည်။
တိုက်ပွဲမရှိသည့် ဒီးမော့ဆို၊ မြလဲကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းသို့ နံနက် ၃ နာရီကျော်၌ စစ်တပ်က ပစ်သည့် လက်နက်ကြီးကျသဖြင့် လူတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်အချို့နှင့် ဘုရားကျောင်း ပျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO-PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုနေရာက တိုက်ပွဲဖြစ်နေကျနေရာနဲ့ ဝေးတယ်လေ။ အဲဒီမှာဆိုရင် လုံခြုံမလားဆိုပြီး စစ်ဘေးရှောင်တွေ လာခိုလှုံကြတာပေါ့။ အခု လက်နက်ကြီးကျတယ်ဆိုတော့ တခြား ပိုပြီးလုံခြုံမယ်ဆိုတဲ့နေရာကို သွားပြီး ရှောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။
လွိုင်ကော်မြို့နယ်တွင် ၂ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်တွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း၊ ၎င်းတို့ဘက်မှာ ၃ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရကြောင်း ၎င်းက ဆက်ပြောသည်။
နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးကျသည့် မြလဲကျေးရွာအုပ်စုနှင့် ၁၀ မိုင်ခန့်အကွာ ဒီးမော့ဆိုမြို့ အောင်ချမ်းသာရပ်ကွက်ရှိ မြို့မရဲစခန်းတွင်မူ တိုက်ပွဲဖြစ်သည်ဟု ၎င်းက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၄ နှင့် ကရင်နီတပ်မတော် (KA) တို့၏ ထုတ်ပြန်ချက်များအရ လွိုင်ကော်မြို့နယ်တွင်လည်း နံနက် ၇ နာရီကျော်က တိုက်ပွဲဖြစ်သည်ဟု သိရသည်။
လွိုင်ကော်ရှိ သုံးမိုင်ပကြဲနှင့် မော်ချီးစုစည်းရွာ အနီးတစ်ဝိုက်ရှိ စစ်တပ်ကင်းပုန်းဝပ်သည့်နေရာများကို ၎င်းတို့ ဝင်တိုက်သည်ဟု ထိုတပ်ရင်းများက သတင်းထုတ်ပြန်သည်။
ထို့ပြင် နေ့လယ် ၁၂ နာရီခန့်ကလည်း သုံးမိုင်ပကြဲနှင့် ပဒါးညေးကျေးရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွားသည်ဟု ပဒါးညေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ဖာတီမာရွာခံတစ်ဦးက ပြောသည်။
“လက်နက်ကြီးတော့ တော်တော်များများကြားရတယ်ဗျ။ မနက်ပိုင်း မိနစ် ၂၀ လောက်ပစ်ပြီး ငြိမ်သွားတယ်။ နေ့လယ်ပိုင်းက ပိုကြားရတယ်” ဟု ၎င်းက ဆိုသည်။
နေ့လယ်ကစပြီးတော့ မီးက စလောင်တယ်။ အိမ်တွေတော့ အနီးကပ်တော့ ကျွန်တော်တို့ မမြင်ရဘူး။ ရွာကနေ လှမ်းကြည့်တော့ မီးခိုးငွေ့တွေတော့ ထွက်တယ်ပေါ့”
ကရင်နီဒေသအခြေစိုက် ကန္တာရဝတီတိုင်းသတင်းဌာန၏ ဖော်ပြချက်အရ တစ်နေ့တည်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ပြီး ပဒါးညေးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခဲ့၍ နေအိမ်သုံးလုံး မီးလောင်သွားသည်ဟု သိရသည်။
လွိုင်ကော်မြို့ပေါ်တိုက်ပွဲဖြစ်ကတည်းက အဆိုပါကျေးရွာများမှ ရွာခံအများစု တိမ်းရှောင်နေကြပြီး လက်ရှိတွင် ရွာခံ ၁၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်း အထက်ပါ ဒေသခံထံမှ သိရသည်။
စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ကရင်နီပြည်နယ်တွင် နေရာအများစုကို စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် အသေးစိတ်အခြေအနေများကို စုံစမ်း၍ မရသေးပေ။
စစ်ကောင်စီကိုလည်း မေး၍ မရသေးပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)