သတင်း

မန္တလေးမှအလိုရှိသူကို ဖမ်းမိသော်လည်း ဓားစာခံမိခင် ပြန်မလွတ်

မန္တလေး ချမ်းမြသာစည်မြို့နယ်နေ သားဖြစ်သူကို ဖမ်းမိပြီး ၂ လကျော်ချိန်အထိ ဓားစာခံဖမ်းခံထားရသည့် အသက် ၅၀ ကျော် ကျန်းမာရေးမကောင်းသည့်​ မိခင်ကို စစ်ကောင်စီက ပြန်မလွှတ်သေးဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသက် ၂၀ကျော် အင်ဂျင်နီယာကျောင်းသား ကိုဟိန်းထက်၏ ၅၄ လမ်း၊ ၁၀၇ လမ်း မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်သို့ ၂၀၂၁ နိုဝင်ဘာ ၂၅ ရက်က စစ်တပ်က ဝင်ရှာစဉ် ၎င်းကို မတွေ့၍ မိခင် ဒေါ်ခင်အေးမော်နှင့် အသက် ၁၂ နှစ်အရွယ် နှမဖြစ်သူ ဖမ်းခံလိုက်ရခြင်းဖြစ်သည်။

နေအိမ်နှင့် ကုန်စုံဆိုင်ကိုပါ ချိပ်ပိတ်ခဲ့သည့် စစ်ကောင်စီက ကိုဟိန်းထက်၏ နှမဖြစ်သူကို ထိုနေ့ ညနေပိုင်းက ပြန်လွှတ်ပေးသော်လည်း ယာဉ်မတော်တဆမှုကြောင့် ခြေထောက်မသန်ဖြစ်နေသော်လည်း လက်ပြန်ကြိုးတုပ်၍ ဖမ်းခေါ်ခံသွားရသည့် မိခင်ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်တွင် ကိုဟိန်းထက်ကို ပြင်ဦးလွင် – နောင်ချိုလမ်းတစ်နေရာ၌ စစ်ကောင်စီက ဖမ်းမိခဲ့သော်လည်း မိခင် ဒေါ်ခင်အေးမော်ကို အိုးဘိုထောင်၌ ဆက်လက်ထားရှိကာ ယနေ့တိုင် ပြန်မလွှတ်သေးဟု မိသားစုနှင့် နီးစပ်သူက အတည်ပြုသည်။

“(ဒေါ်ခင်အေးမော်) ကျန်းမာရေးကလည်း အတော်မကောင်းဘူး ကြားတယ်။ အကြမ်းဖက်ပုဒ်မနဲ့လည်း တရားရင်ဆိုင်နေရတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်ခင်အေးမော်၏ နေအိမ်တွင် ဖောက်ခွဲရေးပစ္စည်းများတွေ့သည်ဆိုကာ အကြမ်းဖက်သူအဖြစ် စစ်တပ်ပိုင် မြဝတီသတင်းဌာနက ၂၀၂၁ ဒီဇင်ဘာလဆန်းပိုင်းတွင် ကြေညာခဲ့ဖူးသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။ အမှုကိစ္စအသေးစိတ်အခြေအနေများကိုမူ မသိရပါ။

ထို့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်ဟု စွပ်စွဲခံရသည့် ကိုဟိန်းထက်အပါအဝင် ၎င်းနှင့်အတူ ဖမ်းခံခဲ့ရသည့် အမျိုးသမီးငယ်တစ်ဦး၏ အခြေအနေ မည်သို့ရှိသည်ကိုလည်း စုံစမ်း၍ မရသေးဘဲ သတင်းပျောက်နေသည်ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

“နှစ်ယောက်လုံးကို ဒီနေ့ထိ ဆက်သွယ်လို့မရတော့ဘူး။ ဓားစာခံအဖြစ် ဖမ်းထားတဲ့အမေလည်း ခုထိလွတ်မလာဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်ခင်အေးမော်၏ သမီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကိုမူ အဒေါ်တော်စပ်သူတစ်ဦးက စောင့်ရှောက်ထားရသည်ဟု မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ပြောသည်။

မန္တလေးတိုင်း PDF အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဗိုလ်နက္ခတ်ကမူ စစ်ကောင်စီအလိုရှိခဲ့သည့် ကိုဟိန်းထက်နှင့် ၎င်း၏မိခင်မှာ လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်သူများ မဟုတ်ကြောင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြီးခဲ့သည့် နိုဝင်ဘာတွင် Myanmar Now ကို မှတ်ချက်ပြုထားသည်။

အကြမ်းဖက်ပုဒ်မနှင့် တရားရင်ဆိုင်နေရသည်ဟု သတင်းထွက်နေသည့် ဒေါ်ခင်အေးမော်၏ အမှုကိစ္စ၊ ကျန်းမာရေးနှင့် ဆေးကုသခွင့်၊ သားဖြစ်သူ ကိုဟိန်းထက်၏ အခြေအနေတို့နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။ 

အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ရဟန်းသံဃာများကိုပင်မချန် စစ်ကောင်စီက ရက်စက်စွာပြုမူ၍ ဖမ်းဆီးနေသလို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခံရပြီး အစအနပျောက်နေသူများ၊ နေအိမ်နှင့် ပိုင်ဆိုင်မှု သိမ်းဆည်းခံရသည့် ဖြစ်စဉ်များ ပေါ်ပေါက်နေသည်။

ထို့အတူ ၎င်းတို့ကို ခုခံမှုများ အားကောင်းသည့် မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လမ်းသွားလမ်းလာများကို စစ်ဆေးရှာဖွေမှုများ ပို၍ လုပ်ဆောင်နေပြီး ခြိမ်းခြောက်၊ ငွေညှစ်သည့် ဖြစ်စဉ်များလည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button