သတင်း

ရေဦးနယ်ကျေးရွာတချို့ လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ ၈ ရွာခန့်ကို စစ်လေယာဉ်က နှစ်ရက်ဆက် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့နှင့် အရပ်သားနှစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီ ၆ နှင့် ၇ တို့တွင် အနောက်ခမ်းရှိ တောင်ပြင်ငယ်၊ ပလူဇဝ၊ အောက်ရေတွင်း၊ အောင်သုခ စသည့်ကျေးရွာများအပါအဝင် ရွာ ၈ ရွာခန့် အတိုက်ခံခဲ့ရသည်ဟု သိရသည်။

စစ်သားများ ရဟတ်ယာဉ်နှင့် ရောက်လာပြီး ရွာများကို ဝင်ရောက်စီးနင်းနေသည်ဟု ထိုဒေသအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတို့ကို ကူညီနေသူတစ်ဦးက Myanmar Now ကို ပြောသည်။

“ဖေဖော်ဝါရီ ၆ က လေယာဉ် ၃ စီး လာတယ်။ အဲဒီမှာ ၂ စီးက စကစ စစ်သားတွေကို ချထားခဲ့တယ်။ တိုက်လေယာဉ်တစ်စီးက အပေါ်ကနေ ဝဲပစ်နေတယ်” ဟု အသက် ၅၀ ကျော်အရွယ် ထိုအမျိုးသားက ဆိုသည်။ 

“ဖေဖော်ဝါရီ ၇ ဆိုရင် လေယာဉ် ၄ ကြိမ် လာတယ်။ မနက်ကနေစပြီး သွားချည်လာလှည့်နဲ့ကို တစ်နေကုန်ပစ်နေတာဗျ”

ဖေဖော်ဝါရီ ၆ တွင် စစ်သားတို့က တောင်ပြင်ငယ်ရွာစာသင်ကျောင်းမှ မူလတန်းကလေးများ၊ သက်ကြီးရွယ်အိုတချို့အပါအဝင် ၇၀ ခန့်ကို ဖမ်းဆီးကြသည်ဟု သူက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်)က ရုတ်တရက်ကြီး ဝိုင်းလိုက်တာဆိုတော့ ရွာကလူတွေက ဘယ်မှ မပြေးရဲတော့ဘူး။ သူတို့က ရဟတ်ယာဉ်ပေါ်က လူချပြီးတော့ ဝိုင်းလိုက်တာ အဲဒီမှာ မိသွားတာ” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ က PDF များ ဝင်တိုက်ခိုက်ခဲ့သည့် ကနီမြို့နယ် ဝင်းမနားရဲစခန်းနှင့် ယခုတိုက်ခိုက်ခံနေရသော ကျေးရွာများနှင့် ၁၇ မိုင်သာ ကွာဝေးပြီး စစ်ကောင်စီရေယာဉ်များ သွားလာလေ့ရှိသည့် ချင်းတွင်းမြစ်မှ ၄ မိုင်ခန့်သာ ကွာဝေးသည်။ 

လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်ခံနေရသည့် ကျေးရွာများမှာ ရေဦးမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ် ရေဦးမြို့မှ ၃၈ မိုင်ခန့်ဝေးသော ကျေးရွာများ ဖြစ်သည်။ 

လက်ရှိတွင် ရွာပေါင်း ၈ ရွာခန့်မှ လူတစ်သောင်းခန့်သည် အနီးအနားကျေးရွာများနှင့် တောတောင်များအတွင်း ထွက်ပြေးနေရကြောင်း တောင်ပြင်ငယ်ရွာအနီးနေထိုင်သော အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ (ဖေဖော်ဝါရီ ၇) မနက်က ပစ်သွားတာကတော့ ရွာနားလေးက တောင်ကြောကို ပစ်သွားတာ။ တောင်ပြင်ငယ်မှာတုန်းက ရွာထဲတွေပါ အကုန်ပစ်တယ်ဗျ။ အဲဒါပြီးမှ တောတွေကို ပစ်တယ်” ဟု ၎င်းက ထိုစဉ်က အခြေအနေကို ပြောပြသည်။

“မြေပဲ နုတ်နေတဲ့လူတွေကိုလည်း အကုန်လုံး ဝပ်၊ ပုန်းခိုင်းထားရတယ်။ ထွက်ပေါက်တွေ ကြည့်ပြီးတော့ ပုန်းနေရတယ်”

ပလူဇဝရွာတွင် ရဟတ်ယာဉ်နှစ်စီး၊ တောင်ပြင်ငယ်ရွာတွင် ရဟတ်ယာဉ်တစ်စီးဖြင့် စစ်ကောင်စီက စစ်သားများ ချသွားကြောင်း ၎င်းက ပြောသည်။

၎င်းတို့ (တောင်ပြင်)ရွာမှ ၃ မိုင်ခန့်သာ ကွာဝေးသည့် မင်းကင်းမြို့နယ် ဇင်ကလဲ့၊ လောင်းပြည့်၊ ခက်လုံ၊ သံပေါက် စသည့် ကျေးရွာများကိုလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်က လှည့်ပတ်ပျံသန်းနေသဖြင့် ထိုရွာများမှ လူဦးရေ ၇၀၀၀ ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထိုအမျိုးသားက ဆိုသည်။

ထို့ကြောင့် လက်ရှိတွင် ရေဦးမြို့နယ်နှင့် ၎င်းနှင့်အစပ် မင်းကင်းမြို့နယ်များမှ ကျေးရွာများအပါအဝင် ရွာပေါင်း ၁၂ ရွာခန့်မှ လူ ၂ သောင်းနီးပါး ထွက်ပြေးနေရသည်။ 

ဖေဖော်ဝါရီ ၆ ညနေပိုင်းက တောင်ပြင်ငယ်ရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF) အဖွဲ့ဝင်များကို ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ဝေသည့် သတင်းစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၅ တွင် ကနီနယ်ရှိ ဝင်းမနားရဲစခန်းကို တိုက်ခိုက်ခဲ့သော၊ ရေဦးမြို့နယ်စာသင်ကျောင်း၌ တပ်စွဲထားသော PDF များကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီဘက်က ဆိုသည်။ 

ထိုတိုက်ပွဲအတွင်း PDF များ၏ လက်နက်ခဲယမ်းများနှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA) စစ်ယူနီဖောင်း ၂ စုံပါ သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။

ရွာသား ၇၀ ခန့်ကို ဖမ်းဆီးထားသည်ဆိုသည့်အကြောင်း ဖော်ပြထားခြင်းမရှိပေ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်၏ တာဝန်ခံက ကျောင်းအတွင်း တပ်စွဲ စခန်းချခြင်းမဟုတ်ဟု ပြောသည်။

“ကလေးတွေကို ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး ခါးဆက်ပြတ်နေလို့ ကလေးတွေ KG (မူလတန်း) မှာဆိုရင် ၂ နှစ်လုံးလုံး နားရတာဖြစ်တဲ့အတွက် အဲဒါလေးကို စနစ်တကျနဲ့ ပညာသင်ကြားပေးဖို့။ သူတို့စွပ်စွဲသလို စာသင်ကျောင်းထဲမှာ စခန်းချနေထိုင်တာတော့ လုံးဝမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၀ မတ်လဆန်းမှစ၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပြီးနောက် ကျောင်းများ တစ်နှစ်ပိတ်ခဲ့ရပြီး ၂၀၂၁ တွင် အာဏာသိမ်းခံရပြီးနောက် ကျောင်းပညာရေး ရပ်ဆိုင်းသွားခြင်းကို ၎င်းက ဆိုလိုခြင်း ဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက ကလေးငယ်များ အတန်းပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆောင်ရွက်နေကြသည်။ 

ရေဦး PDF တာဝန်ခံက ၎င်းတို့အဖွဲ့ စီးနင်းခံရပြီး လက်နက်ခဲယမ်းအချို့ စွန့်လွှတ်ခဲ့ရသော်လည်း PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိကြောင်း ပြောသည်။

ကျေးရွာစာသင်ကျောင်းများတွင် စစ်ကောင်စီတပ်က တပ်စွဲနေထိုင်သည်၊ ရွာအတွင်း စီးနင်းလုယက်သည်၊ အရပ်သားများကို သတ်ဖြတ်ပြီး နေအိမ်မီးရှို့ ဖျက်ဆီးသည်ဟု ဒေသအများအပြားမှာ အရပ်သားများ၏ ပြောဆိုမှုကို အာဏာသိမ်းစစ်ကောင်စီက ငြင်းဆန်လေ့ရှိပြီး အကြမ်းဖက်သမားတို့ကို တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button