စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆) နံနက်ပိုင်းက ဒေသခံ PDF များနှင့် သုံးနာရီကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိနာခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ကချင်ပြည်နယ်အစပ် ကသာမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်စမ်းရွာအနီးတွင် စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၄၁၅ စစ်ကြောင်းကို ကသာ PDF ၊ ကသာမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် မြို့လှမြို့နယ် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နံနက် ၉ နာရီခန့်မှ မွန်းတည့် ၁၂ နာရီအထိ သုံးနာရီနီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ဒေသခံ PDF များဘက်မှ ၂ ဦးသာ ဒဏ်ရာရသည်ဟု ကသာ PDF နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
ဗိုလ်သာလိကာဆိုသူ ဦးဆောင်သည့် ကသာ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကိုယ့်ဘက်က ရဲဘော်တွေကတော့ နှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က တင်ပါး၊ တစ်ယောက်က ခါးမှာ” ဟု ကသာ PDF နှင့် နီးစပ်သူ အမျိုးသမီးက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး အလုံး ၅၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
တိုက်ပွဲပြီးဆုံးပြီးနောက် မြို့လှ PDF တစ်ဦး ခြေထောက်ပစ်ချိုးခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ကသာ PDF က ထုတ်ပြန်ခဲ့သည်။
ကသာမြို့နယ်အတွင်း ဖြစ်ပွားသော ထိုတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
ဖေဖော်ဝါရီ ၅ ရက်ကလည်း ကသာမြို့နယ် နမ့်စမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ကာ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်စမ်းရွာခံများဖြစ်သော ဦးသာထွန်းနှင့် ဒေါ်နှင်းဆီဆိုသူတို့ ဒဏ်ရာရခဲ့သည်ဟု သိရသည်။
နမ့်စမ်းရွာမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် မိုးတားကြီးရွာနှင့် မိုင်အနည်းငယ်သာ ဝေးသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က နမ့်စမ်းရွာအရှေ့ဘက် မိုင်အနည်းငယ်အကွာရှိ ကျွန်းပင်ရွာအနီးရှိ ကသာ PDF ၏ တောတွင်းစခန်းငယ်ငယ်တစ်ခုကို စစ်တပ်က ရှင်းလင်းခဲ့ကာ ထိုဒေသတစ်ဝိုက် ထိုးစစ်ဆင်နေသောကြောင့် ထိုသို့တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကသာ PDF က ဆိုသည်။
ယမန်နေ့တိုက်ပွဲအတွင်း အထိနာခဲ့သည့် ခလရ ၄၁၅ စစ်ကြောင်းမှာ နမ့်စမ်းရွာအတွင်း တပ်စွဲထားခဲ့ပြီး ယနေ့ (ဖေဖော်ဝါရီ ၇) နံနက်အစောပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနက်အစောကြီး ချောင်းဝဘက်ကို သူတို့(စစ်ကောင်စီ) ပြန်ထွက်တယ်။ ချောင်းဝဘက်ကလည်း အကြို (ရှေ့ပြေးတပ်ဖွဲ့ဝင်များ) လွှတ်ခဲ့တယ်လို့ ပြောတယ်။ သူတို့အထိနာသွားတယ်ဆိုတော့ နည်းနည်းစိုးရိမ်သွားလားမသိဘူး” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်ကလည်း ကသာမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာ နတ်လှိုင်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ကသာ PDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ကသာမြို့နယ်တွင် စစ်ကောင်စီ၏ လူသူနှင့် လက်နက်ခဲယမ်း သယ်ဆောင်နေသည့် စစ်ကြောင်းများကို ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)