
စစ်သားများ ကင်းလှည့်စဉ် တိုက်ခိုက်ခံရသည့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲရွာသို့ နောက်တစ်နေ့တွင် စစ်ကူလာသည့်ယာဉ်နှစ်စီးလည်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံနှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည့် ထိုရွာတွင် စစ်ကောင်စီ တပ်စွဲထားသည်မှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၃၊ ည ၈နာရီခွဲခန့်တွင် နွားထိုးကြီး PDF က ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ကင်းလှည့်စစ်သည် ၄ ဦး သေဆုံးသွားသည်ဟု ဆိုသည်။
“အလောင်းတွေကို ရွာရဲ့ လူမှုကူညီရေးအသင်းမှာ သိမ်းထားပြီး ညတွင်းချင်း သယ်သွားတယ်။ ကားသံတွေ ကြားရတယ်။ ထွက်တော့ မကြည့်ရဲကြဘူး။ အဲ့ဒါကို လေးခွနဲ့ ဝင်ပစ်လို့ဆိုပြီး သတင်းဖုံးထားတယ်” ဟု လက်ဝဲရွာခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ထို့နောက် နောက်တစ်နေ့ (ဖေဖော်ဝါရီ ၄) နံနက် ၇နာရီခွဲခန့်တွင် လက်ဝဲရွာသို့ စစ်ကူလာသည့် စစ်ကောင်စီ ယာဉ်တန်းမှာ လမ်းခုလတ်ဖြစ်သည့် နွားထိုးကြီးမြို့အနောက်ဘက် ကျောက်လုံးကုန်းကြီးကွေ့အနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“သေတာတော့ ၅ယောက်အထက်မှာပဲ ရှိတယ်။ ရှင်တဲ့ကောင်တွေအကုန်လုံးက သေချာတယ်။ အပြင်းအထန်ဒဏ်ရာပဲ။ လုံးဝကို စုတ်ပြတ်သတ်သွားတာ” ဟု ထိုဖြစ်စဉ်ကို မြင်တွေ့ရသည့် အဆိုပါ ဒေသခံက ပြောသည်။
တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများ၊ PDF များထံမှ သိရသည်။
ထိုသို့တိုက်ခိုက်ခံရမှုအပြီး ဖေဖော်ဝါရီ ၄ နံနက်တွင် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ယနေ့ (ဖေဖော်ဝါရီ ၅) မွန်းလွဲပိုင်းအထိ ပြန်မလွတ်သေးကြောင်း လက်ဝဲရွာသားများထံမှ သိရသည်။
အမည်မသိအမျိုးသားတစ်ဦး၊ အသက် ၅၀ ခန့် ဦးကျော်မင်း၊ အသက် ၄၀ ခန့် ကိုနိုင်ဦး၊ အသက် ၃၀ ကျော်အရွယ်များဖြစ်ကြသော ကိုစိုးမိုးအောင်၊ မသင်းဦးတို့ အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။
PDF တို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်တတ်သည့် စစ်ကောင်စီက နွားထိုးကြီးဒေသဖြစ်ရပ်များကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရွာတွင် စစ်သားများနှင့်အတူ ၎င်းတို့လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များလည်း ကင်းလှည့်ကြသည်ဟု နွားထိုးကြီး PDF က ဆိုသည်။
“သူတို့က ညဆိုရင် မူးတယ်၊ သောက်စားပြီးရင် သေနတ်မိုးထောင်ဖောက်တယ်။ နောက်ပြီး ကင်းပတ်တာပေါ့။ ညတိုင်း အဲဒီလိုလုပ်တယ်။ ကင်းပတ်တဲ့အချိန်မှာ ကျွန်တော်တို့က ဝင်ပစ်တာ” ဟု နွားထိုးကြီးမြို့နယ် PDF တာဝန်ခံ ကိုတွံတေး (အမည်လွှဲ) က ဖေဖော်ဝါရီ ၅ တွင် Myanmar Now ကို ပြောသည်။
“ဝင်ပစ်တဲ့အချိန် သူတို့ဘက်က ၈ ယောက်လောက် ပါတယ်။ အဲ့မှာ စစ်သား ၄ ယောက်သေတယ်။ ပျူစောထီးတွေက ထွက်ပြေးတယ်”
၄ ရက်နေ့ မိုင်းထိစစ်သားတို့ကို စစ်ကောင်စီသိမ်းပိုက်ထားသော We Love Natogyi ပရဟိတအသင်းပိုင် လူနာတင်ယာဉ်တစ်စီးဖြင့် တင်ကာ မိတ္ထီလာစစ်ဆေးရုံသို့ သယ်သွားသည်ဟု ဒေသခံများက ပြောသည်။
ကိုတွံတေးက အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှု များပြားသည်ဟု ဆိုသည်။
“သူတို့လာမယ်ကြားလို့ ကျွန်တော်တို့က ညကတည်းက မအိပ်ဘဲ ထိုင်စောင့်နေတာ။ နောက်တစ်နေ့မနက် ၇နာရီခွဲမှာ ကားနှစ်စီးနဲ့ စစ်ကူလာတဲ့အချိန် မိုင်းဆွဲလိုက်တာ။ ကားနှစ်စီးလုံး ပျက်စီးတယ်။ ၅ယောက်အထက် သေတယ်၊ ဒဏ်ရာရတဲ့သူကတော့ များတယ်” ဟု ဆိုသည်။
ထိုသို့ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ယမန်နေ့ကစပြီး လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်။
နွားထိုးကြီးမြို့နယ်အတွင်း ‘နောင်ရိုး’ ဟု အမည်ရသည့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်မည်ဟုလည်း စစ်ကောင်စီဘက်က သတင်းလွှင့်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
နွားထိုးကြီး PDF က ဖေဖော်ဝါရီ ၂ရက် နံနက် ၆နာရီကလည်း နွားထိုးကြီးမြို့နယ်၏အရှေ့ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲစက်ရုံကို အသေးစားဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
လျှပ်စစ်ဝန်ထမ်းများအား အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်၍ မီတာကြေးများ လိုက်လံကောက်ခံနေပါက ဝန်ထမ်းများနှင့် ၎င်းမိသားစုများ၏ အသက်အိုးအိမ်စည်းစိမ်ကို အာမခံမည်မဟုတ်ကြောင်း နောက်ဆုံးအကြိမ် သတိပေးသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)