
ထောင်ဒဏ် ၂ နှစ်ချခံထားရသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ယမန်နေ့ (ဖေဖော်ဝါရီ ၄) နံနက်တွင် ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူနေရကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသည့် မြို့တော်ဝန် ဒေါက်တာရဲလွင်ကို ထောင်ပိုင်နှင့် ထောင်ဆေးရုံအုပ်တို့က နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် သွားရောက်ခေါ်ဆောင်ကာ ပြင်ပဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ရှေ့နေအဖွဲ့ဝင်တစ်ဦးက ယမန်နေ့ ညတွင် Myanmar Now ကို ပြောသည်။
“ဒီနေ့ ပို့လိုက်တာ။ အစာအိမ်နှင့် အူလမ်းကြောင်းမှာ စစ်ဆေးဖို့အတွက် ပို့လိုက်တာပါ။ မန္တလေးပြည်သူ့ဆေးရုံကြီးပဲ ဖြစ်ဖို့များမယ်။ ကျွန်တော်တော့ မသိလိုက်ရဘူး။ ဆေးရုံရောက်ပြီးအခြေအနေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
“အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာဖြစ်နေတယ်လို့ သူ့ကိုယ်သူ သံသယဖြစ်တာပေါ့ဗျာ။ ဟိုတုန်းကတည်းက သံသယဖြစ်တယ်လို့ ခံစားထားတာပါ့ဗျာ။ အဲဒါနဲ့ ဖြစ်အောင်ပို့လိုက်တာနဲ့တူတယ်”
စစ်ကောင်စီသည် ဒေါက်တာရဲလွင်ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲကာ ဒီဇင်ဘာ ၈ တွင် အိုးဘိုထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် ၂ နှစ် ချခဲ့သည်။
ဒေါက်တာရဲလွင်သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အမှတ်အသားဖြစ်သော လက်သုံးချောင်းထောင်ထားသည့် ဓာတ်ပုံကို ၎င်း၏ Facebook အကောင့်၌ တင်ခဲ့သည်ဟုဆိုကာ ထောင်ချခံရခြင်း ဖြစ်သည်။
မြို့တော်ဝန် ဒေါက်တာရဲလွင်သည် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် မန္တလေးမြို့တွင် လူသိများသူ ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီးနောက် မန္တလေးမြို့စည်ပင်သာယာရေးဝန်ကြီးဖြစ်လာပြီး အရပ်သားအစိုးရလက်ထက် မြို့တော်ဝန် ဒေါက်တာရဲလွင်၏ လုပ်ဆောင်ချက်များမှာ လူထုထောက်ခံမှု ရရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
သွေးကင်ဆာကို ရင်ဆိုင်နေရသော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သော အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်သည်လည်း အိုးဘိုထောင်တွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရသောကြောင့် အရေးပေါ်ကုသမှု ခံခဲ့ရသည်။
အိုးဘိုထောင်ရှိ အကျဉ်းသားများမှာ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ ဖြစ်သလိုနေထိုင်ရကြောင်း၊ ရောဂါလက္ခဏာပြင်းထန်ပြီး အခြေအနေဆိုးသူများသာ ထောင်ဆေးရုံသို့ သွားခွင့်ရကြောင်း၊ လူကြီးပိုင်း ကျန်းမာရေးအခြေအနေဆိုးသူများကိုသာ ပြင်ပဆေးရုံပို့ပေးကြောင်း အကျဉ်းကျခဲ့သူများနှင့် ရှေ့နေအသိုင်းအဝိုင်းက ယမန်နှစ်အောက်တိုဘာလအတွင်း ပြောခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)