သတင်း

တမူး NLD အမတ်၏ ချိပ်ပိတ်ခံ နေအိမ်တစ်လုံး မီးရှို့ခံရ

စစ်ကောင်စီက ချိပ်ပိတ်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်နိုင်ဝင်း၏ နေအိမ်နှစ်လုံးအနက် တစ်လုံးမီးရှို့ခံလိုက်ရသည်ဟု ကာယကံရှင်က အတည်ပြုသည်။

တမူးမြို့ ဗိုလ်ချုပ်လမ်း၊ ဈေးတန်းရပ်ကွက်တွင် တူရိယာအရောင်းဆိုင်ဖွင့်ထားသည့် အိမ်နံပါတ်(၆) ကို ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ စော်ဘွားရပ်ကွက် အာရှလမ်းပေါ်ရှိ အိမ်နံပါတ်(၅)ကို ဇန်နဝါရီ ၂၈ တွင်လည်းကောင်း စစ်ကောင်စီက သိမ်းဆည်းခြင်းဖြစ်သည်။

စိုက်ပျိုးရေးသုံးပစ္စည်းများထားရာ ဂိုဒေါင်တစ်လုံးနှင့် နေအိမ်တစ်လုံးရှိသည့် အာရှလမ်းပေါ်မှ နေအိမ်ကို ချိပ်ပိတ်ခံရပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် စစ်သားများထပ်ရောက်လာသည်ဟု သိရကြောင်း ဦးနိုင်နိုင်ဝင်းက ပြောသည်။

“ခြံထဲမှာရှိတဲ့ အိမ်ရယ်၊ ပစ္စည်းတွေဘာတွေထားတဲ့ ဂိုဒေါင်ရယ်ကို မီးရှို့သွားတယ်၊ ပစ္စည်းတွေလည်း သယ်သွားတယ်။ ကျန်တဲ့ ဘယ်လိုဟာတွေ သယ်သွားတယ်ဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး” ဟု မျက်မြင်တွေ့သူများကို ကိုးကား၍ ၎င်းက ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ခြံစည်းရိုးကာရံထားပြီး ငှက်ပျောပင်၊ သစ်ပင်များ အုပ်ဆိုင်းနေသည့် ခြံကျယ်တစ်ခုအတွင်းရှိ သွပ်မိုး၊ ခြေတံရှည် အဆောက်အအုံတစ်လုံး မီးခိုးအူ၍ လောင်ကျွမ်းနေသည်ကို တွေ့ရသည်။

ထိုခြံနှင့် အဆောက်အအုံမှာ ၎င်းပိုင်အိမ်ဖြစ်သည်ဟု ဦးနိုင်နိုင်ဝင်းက အတည်ပြုသည်။ ထိုခြံမှာ ၃ ဧကခန့်ကျယ်ဝန်းပြီး အထဲတွင် သရက်၊ ကံ့ကော်၊ ငှက်ပျော၊ ဝါး စသည့် အပင်များစိုက်ပျိုးထားသည်ဟု ၎င်းက ဆိုသည်။

တမူးမြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း စစ်သားတချို့က ဦးနိုင်နိုင်ဝင်း၏ ခြံထဲမှ ပစ္စည်းများကို သယ်ယူသွားသည်ကို တွေ့ရသည်၊ မီးရှို့ချိန်မှာ ညနေ ၅ နာရီခွဲခန့်ဖြစ်သည်ဟု ပြောသည်။

“လက်တွန်းထွန်စက်တွေ၊ ခြံမှာသုံးတဲ့ ပစ္စည်းတွေ၊ စက်ပစ္စည်းတွေ၊ အဲဒီဟာတွေ စစ်ကောင်စီက အဖွဲ့တွေက သယ်သွားတယ်။ (စစ်ကားကြီး)ကားသုံးစီးနဲ့ သယ်သွားတယ်။ အဲဒီနားကိုလည်း အလာမခံဘူး” ဟု ၎င်းက ပြောသည်။

“သူတို့ အထဲမှာ ဆဲဆိုနေတာတွေ ပြီးတော့ ဓာတ်ဆီနဲ့လောင်း၊ မီးရှို့ဆိုပြီး ပြောတဲ့အသံတွေ အဲဒါတွေ ကြားတယ်”

ထိုခြံအတွင်း မီးလောင်နေသည်ကို လမ်းပေါ်မှပင် မြင်တွေ့ရသည်၊ ပတ်ဝန်းကျင်သို့ ကူးစက်မှုမရှိဘဲ ညနေ ၆ နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်က လာ၍ မီးရှို့သည်ဆိုသော ၎င်းတို့၏ ပြောဆိုချက်နှင့် ပတ်သက်‌၍ စစ်ကောင်စီ၏ တမူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။

လွှတ်တော်အမတ်က ၎င်းတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲကို ငြင်းပယ်ပြီး အာဏာသိမ်းခဲ့သော စစ်တပ်က တမူးမြို့တွင် အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“စိတ်ထဲမှာ သိပ်ပြီးတော့ ခံစားမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ထက်ကို ဆိုးတဲ့ဖြစ်ရပ်တွေလည်း ကျွန်တော်တို့နိုင်ငံမှာ အများကြီးကြုံခဲ့ရပြီလေ”ဟု အသက် ၄၉ နှစ်အရွယ် ဦးနိုင်နိုင်ဝင်းကပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်တွင် စစ်ကောင်စီက ချိပ်ပိတ်လိုက်သည့် ဦးနိုင်နိုင်ဝင်း၏ ဆိုင်နှင့်ခြံ။  ဓာတ်ပုံ − ပေးပို့

တမူးတွင် စစ်ကိုင်းတိုင်းလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်အမတ် ဦးမြင့်နိုင်ဦး၊ အမျိုးသားလွှတ်တော်အမတ် ဦးထန်ဆေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးမောင်မောင်လတ်တို့၏ နေအိမ်များသည်လည်း ဇန်နဝါရီ ၁၉ တစ်ရက်တည်းပင် ချိပ်ပိတ်ခံရကြောင်း ၎င်းထံမှ သိရသည်။

ထို့ပြင် ဆန္ဒပြခေါင်းဆောင် ကိုယဉ်ကိုဦး၊ ကိုကဘော်ဆုသန်း၊ ကိုမင်းဗိုလ်၊ ကိုအောင်ဖြိုးကြွယ်တို့၏ နေအိမ်များကိုလည်း စစ်​ကောင်စီက ထိုနေ့တွင်ပင် သိမ်းခဲ့သည်ဟု ဦးနိုင်နိုင်ဝင်းက ပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင် မူလကတည်းက အခြေစိုက်သည့် ခလရ-၂၆၆ တပ်ရင်းနှင့် စစ်အာဏာသိမ်းပြီးနောက်တွင် ရောက်လာသည့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ တပ်ခွဲတစ်ခုရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးအပြင် အခြားဒေသခံတစ်ဦးကလည်း အတည်ပြုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် စစ်ကိုင်းတိုင်းရှိ တမူးမြို့လည်း အပါအဝင်ဖြစ်သည်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရန်လင်းဖိုင်၊ ဝိတုတ် ကျေးရွာခံများအပါအဝင် အရပ်သားနှစ်ထောင်ဝန်းကျင် အိန္ဒိယနယ်စပ်ဘက်သို့ စစ်ဘေးရှောင်နေရကြရသည်ဟု ဦးနိုင်နိုင်ဝင်းထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button