ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁) မွန်းလွဲပိုင်းက နယ်မြေရှင်းလင်း ရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ခုကြား တိုက်ပွဲဖြစ်ပွားသည်ဟု ဒေသ ခံအချို့ထံမှ သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း သက်ကိုင်းညာကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ တောတွင်းတစ်နေရာ၌ ဖြစ်ပွားသောတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် မည်သည့်လက်နက်ကိုင်အဖွဲ့ကြားဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
သက်ကိုင်းညာကျေးရွာ အနောက်ဘက်ရှိ ပန်းချောင်းနှင့် လဘော်ဝကြား မန်စရီချောင်းအတွင်း ဖြစ်ပွားသည့်တိုက်ပွဲမှာ အချိန်တစ်နာရီနီးပါး ကြာမြင့်ခဲ့ကာ နှစ်ဖက်အထိအခိုက် အကျအဆုံးရှိမရှိကို မသိရသေးကြောင်း ဒေသခံကျေးရွာသားတစ်ဦးထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ လက်နက်ကြီးသံတွေ လက်နက်ငယ်သံတွေ ကြားနေခဲ့ရတာ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့ရွာနဲ့က တစ်မိုင်လောက်ပဲ ဝေးတယ်။ ရဲကားလေးစီးကတော့ ခုံတိုင်ဘက်ကို တက်သွားတယ်။ အခုထိတော့ ဆင်းမလာသေးဘူး” ဟု မောင်တောင်မြို့နယ် မြဝတီကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်နှင့် အာဆာ (ARSA) လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်သည်ဟု ထိုဒေသတွင် သတင်းများ ထွက်ပေါ်နေသော်လည်း အတိအကျအတည်မပြုနိုင်ကြောင်း အဆိုပါ မြဝတီရွာသားက ဆိုသည်။
စစ်တပ်နှင့် မည်သည့်အဖွဲ့ ဖြစ်သည်ကို မသိရသော်လည်း တိုက်ပွဲဖြစ်သည်မှာ မှန်ကန်ကြောင်း တိုက်ပွဲဖြစ်ပွားရာနေရာနှင့် တစ်မိုင်ခန့်သာဝေးသည့် သက်ကိုင်းညာနှင့် ခုံတိုင်ကျေးရွာတို့မှ ရွာခံနှစ်ဦးကလည်း ပြောသည်။
“တိုက်ပွဲဖြစ်တဲ့အသံတော့ ကြားနေရတယ်။ သို့သော် ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုတော့ မသိရလို့ အတိအကျ မပြောနိုင်ဘူး” ဟု သက်ကိုင်းညာ ကျေးရွာသားတစ်ဦးက ဆိုသည်။
စစ်တပ်နှင့် အာဆာအဖွဲ့ကြား တိုက်ပွဲဖြစ်သည်ဟု ကြားနေရသော်လည်း အတိအကျမ ပြောဆိုနိုင်သေးကြောင်း မောင်တောမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ဆိုသည်။
“တိုက်ပွဲဖြစ်တာက စစ်တပ်နဲ့ အာဆာဖြစ်တယ်လို့ သတင်းတော့ ထွက်နေတယ်။ ဒါပေမဲ့ အတိအကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယခုလ (ဇန်နဝါရီ) လဆန်းပိုင်းကလည်း ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် အာဆာအဖွဲ့ကြားဟု ဒေသခံများက ယူဆသော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
မောင်တောမြို့နယ်အတွင်း၌ပင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအချို့နှင့် ပတ်သက်၍ စစ်ကောင်စီက အာဆာနှင့် တိုက်ပွဲဖြစ်သည်ဟု RFA သတင်းဌာနကို ဖြေကြားခဲ့သော်လည်း စစ်တပ်က နယ်မြေကျူးကျော်လာ၍ တိုက်ပွဲဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က အတည်ပြုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)