သတင်း

ထားဝယ်တွင် ဆန္ဒပြပွဲဦးဆောင်သူနှင့် သတင်းထောက်တို့ကို ထောင် ၂ နှစ်စီချ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ရှေ့နေမပါဘဲ အမှုရင်ဆိုင်ခဲ့ကြသည့် လူငယ် ၂ ဦးကို ယမန်နေ့ ဇန်နဝါရီ ၂၈ တွင် ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ချလိုက်သည်။

ထားဝယ်တပ်ပေါင်းစုသပိတ် ဦးဆောင်ကော်မတီဝင် ၂၂ နှစ်အရွယ် ကိုထူးမြတ်လွင်၊ 7Day News သတင်းထောက်ဟောင်း ၂၈ နှစ်အရွယ် ကိုစိုင်းကိုကိုထွန်းတို့ကို ထားဝယ်အကျဉ်းထောင်ရှိ အထူးတရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်ရင်းနှီးသူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ကို ၅၀၅ (က)နဲ့ပဲ စွဲထားတယ်။ နောက်ထပ် စွဲမစွဲတော့ မသိရသေးဘူးတဲ့။ လောလောဆယ်တော့ ၂ နှစ်စီ ချလိုက်တယ်တဲ့” ဟု အထက်ပါအမျိုးသားက ဆိုသည်။

၂၀၂၁ နိုဝင်ဘာ ၃၀ တွင် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်က ကိုစိုင်းကိုကိုထွန်းကို ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်ရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးစဉ် အိမ်တွင် ရှိနေသူ ကိုထူးမြတ်လွင်ကိုပါ ဖမ်းဆီးခြင်း ဖြစ်သည်။

ကိုထူးမြတ်လွင်သည် အာဏာသိမ်းမှုကို ကန့်ကွက်သည့် ထားဝယ်မြို့ပေါ်သပိတ်စစ်ကြောင်းများ၌ ပါဝင်ခြင်း၊ တပ်ပေါင်းစုသပိတ်ကော်မတီ ဦးဆောင်ဖွဲ့စည်းရာတွင် ပါဝင်ခြင်း၊ ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြစေရန် လှုံ့ဆော်ခြင်း၊ ပြောက်ကျားဆန္ဒပြပွဲများကို ဦးဆောင်ခြင်းတို့အတွက် အပြစ်ရှိကြောင်း စစ်ကောင်စီ၏တရားသူကြီးက ဆုံးဖြတ်ခဲ့သည်ဟု ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကိုစိုင်းကိုကိုထွန်းသည် ဆန္ဒပြပွဲသတင်းများ ရယူကာ Myanmar Now သတင်းဌာနထံ ပေးပို့ခဲ့သဖြင့် ထောင်ဒဏ်စီရင်ခံရသည်ဟု သိရသည်။

အမိန့်ချသည့်နေ့က တရားခွင်သို့ မိသားစုဝင်များ သွားခွင့်မရသည့်ပြင် ရှေ့နေငှားထားခြင်း မရှိသောကြောင့် ထောင်ဒဏ်ချမှတ်ခြင်းကို ထောင်နှင့်နီးစပ်သူများ ပြန်ပြောမှသာ သိရသည်ဟု ကိုထူးမြတ်လွင်နှင့် ဆွေမျိုးတော်စပ်သူ အထက်ပါအမျိုးသားက ပြောသည်။

“ရှေ့နေမပါဘဲ ရင်ဆိုင်တာ ရှေ့နေတွေ ဘာတွေ ငှားရင် မိသားစုတွေ အခက်အခဲဖြစ်မှာ စိုးလို့ဆိုပြီး ပြောတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။​

ဇန်နဝါရီ ၅ မှ ၃၀ အထိ ထားဝယ်အကျဉ်းထောင်တွင်းတရားရုံးက အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၃ ဦး တို့ကိုလည်း ထောင်ဒဏ်များချမှတ်ထားသည်ဟု အဆိုပါ ထောင်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁/၅၁ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသူများ ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် မတ် ၈ တွင် ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းလမ်းရှိ Myanmar Now သတင်းဌာနရုံးခန်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီးနောက် ယင်းညမှာပင် Myanmar Now အပါအဝင် ရန်ကုန်အခြေစိုက် သတင်းမီဒီယာ ၅ ခုကိုလည်း ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ 

Mizzima, 7Day, DVB, Khit Thit Media နှင့် Myanmar Now တို့ကို မီဒီယာအမျိုးအစားတစ်ခုခု အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် The 74 Media, Delta News Agency,  မြစ်ကြီးနားသတင်းဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီတို့ကိုလည်း အလားတူ ကြေညာခဲ့သည်။ နိုင်ငံအနှံ့အပြား လူကြည့်များသော DVB နှင့် Mizzima ဖမ်းယူကြည့်ရှုနိုင်သည့် PSI စလောင်းကိုလည်း ပိတ်ပင်သလို အင်တာနက်အသုံးပြုမှု ခက်ခဲစေရန်လည်း စစ်ကောင်စီက စနစ်တကျ စီစဉ်ထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ဥပဒေချိုးဖောက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ သတင်းသမား ၅၀ နီးပါးအထိ ရှိနေသည်။ 

ဇန်နဝါရီလနှောင်းပိုင်းတွင်လည်း Dawei Watch သတင်းဌာနမှ ၃ ဦးကို ၈ ရက်ကြာ ထိန်းသိမ်းခဲ့သည်။

စစ်ကောင်စီက မဲစာရင်းမှားခြင်းကြောင့် အာဏာသိမ်းခဲ့ရကြောင်း၊ ရွေးကောက်ပွဲ ပြန်လုပ်ပေးမည်ဟူသော ကတိ အကောင်အထည်ဖော်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button