သတင်း

မြစ်ကြီးနား၌ ဗုံးပေါက်စဉ် ရဲတပ်ရင်းက ရမ်းပစ်ရာ ကလေးငယ်တစ်ဦးသေဆုံး

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ရဲတပ်ရင်းအနီး ပေါက်ကွဲမှုဖြစ်ချိန် ရဲများက ရမ်းသန်းပစ်ခတ်၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူက အတည်ပြုသည်။

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်ကြားရှိ အမှတ် (၃၀) ရဲတပ်ရင်းအနီးတွင် ယနေ့ နံနက် ၆ နာရီခန့်က ဗုံးကွဲခဲ့ခြင်းဖြစ်ကာ ရဲတပ်ရင်းအတွင်းမှ ပတ်ဝန်းကျင်သို့ ပစ်ခတ်ခဲ့ကြောင်း၊ ရဲတပ်ရင်းထဲမှ ထွက်လာသည့် Double Cab ယာဉ်တစ်စီးသည်လည်း ကျွန်းပင်သာလမ်းတစ်လျှောက် ပစ်ခတ်သွားကြောင်း သိရသည်။

ထိုသို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် ရဲတပ်ရင်း၏မြောက်ဘက် ခြံစည်းရိုးကပ်လျက်ရှိ ကျွန်းပင်သာရပ်ကွက်၊ နေအိမ်တစ်လုံးရှိ အသက် (၇) နှစ်အရွယ် မိုဟမ္မဒ် စိုင်ဖွလ္လာဟ်(ခ)မောင်ဘုန်းခန့်ထည်၏ ရင်ဘတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မောင်ဘုန်းခန့်ထည်မှာ ၎င်း၏ အကိုနှင့် အိမ်အတွင်း ဂိမ်းဆော့နေစဉ် သေနတ်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သံများငြိမ်သက်သွားချိန်မှ ကလေးငယ် ကျည်သင့်သေဆုံးမှန်း သိကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကလေးက မှောက်ကျသွားတာကို သူ့အကိုက ကြောက်လို့ ဝပ်လိုက်တယ်ပဲ ထင်နေတာ။ သေနတ်သံတွေ ငြိမ်သွားတော့မှ သူ့အကိုက ကြည့်လိုက်တော့ မလှုပ်တော့ဘဲ ပါးစပ်နဲ့ ရင်ဘတ်ကနေ သွေးတွေ ထွက်လာတာ” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ရုပ်အလောင်းကို နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က လာယူခဲ့သော်လည်း နံနက် ၁၁ နာရီခန့်တွင် မိသားစုထံ ပြန်ပို့ပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ ဆေးစစ်မှုရလဒ်အရ ကျည်ဆန်မှာ ကလေးငယ်၏ ရင်ဘတ်မှ ဝင်ပြီး လက်မောင်းမှ ဖောက်ထွက်သွားကြောင်းနှင့် ခန္ဓာကိုယ်ထဲတွင် ကျည်ဆန်မတွေ့ရကြောင်း ထိုသူ့ထံမှ သိရသည်။

မောင်ဘုန်းခန့်ထည်၏ ဖခင် ရန်ကုန်မှ လာချိန် ယနေ့မွန်းလွဲပိုင်းတွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း သင်္ဂြိုဟ်သွားမည်ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ဗုံးပေါက်ကွဲစဉ် ရဲတပ်ရင်းမှ ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်သည့်ပြင် ရဲတပ်ရင်းမှ ထွက်လာသည့် ယာဉ်တစ်စီးသည်လည်း ကျွန်းပင်သာလမ်းတစ်လျှောက် ပစ်ခတ်သွားကြောင်း မျက်မြင်သက်သေကို ကိုးကား၍ ဒေသခံတစ်ဦးကလည်း ပြောသည်။

“ဗုံးကွဲတာ အကြီးအကျယ်ပဲ၊ အဲဒီပေါက်ကွဲသံပြီးတဲ့နောက်ပိုင်း စစ်ခွေးတွေက ရမ်းပစ်တာ” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထိုရဲတပ်ရင်းသည် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းကလည်း အသံဗုံးများဖောက်ခြင်း၊ ရဲတပ်ရင်းအတွင်းမှ အနီးဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု အထက်ပါ ဒေသခံများထံမှ သိရသည်။​

မြစ်ကြီးနားမြို့တွင် ဇန်နဝါရီလနှောင်းပိုင်းမှစ၍ ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ယာဉ်ထိန်းရဲကင်းတစ်ခု၊ Mytel ရုံးနှင့် တာဝါတိုင်တို့အပြင် မြေမြင့်ရပ်ကွက်ရှိ MPT ကေဘယ်‌ပုံးတစ်လုံးလည်း ပျက်စီးခဲ့သည်။   

အာဏာသိမ်းပြီးသည့်နောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို နိုင်ငံအနှံ့ ပြုလုပ်ကြရာတွင် မြစ်ကြီးနားမြို့လည်း ပါဝင်သည်။

စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့် ယနေ့တွင် မြန်မာပြည်တစ်ဝန်း အသံတိတ်သပိတ် ဆင်နွှဲနေချိန်တွင် မြစ်ကြီးနားမြို့တွင်လည်း စစ်ကောင်စီက ဖိအားပေး၍ ဖွင့်ခိုင်းသည့် မြို့မဈေးနှင့် ဆိုင်အချို့မှအပ ကျန်သည့် ဆိုင်များ မဖွင့်ကြဟု အထက်ပါ မြို့ခံနှစ်ဦးက ပြောသည်။

ထိုအခြေအနေတွင် ကျွန်းပင်သာရပ်ကွက်၌ ပစ်ခတ်မှုဖြစ်ပြီးသည့်နောက် လမ်းသွား၊ လမ်းလာ ပို၍ နည်းပါးသွားသည်ဟု ၎င်းတို့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button