သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် သမ္မတရုံး လုံခြုံရေးအရာရှိ ပုဒ်မကြီးတပ်ခံရ

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ဝန်းကျင်က နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရဲအဖြစ် စောင့်ကြပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး လုံခြုံရေးဆိုင်ရာ အရာရှိဖြစ်လာသူ ဦးအောင်နိုင်ဦးကို သတင်းပေါက်ကြားမှုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လဝန်းကျင်အကြာ (၂၀၂၁ နိုဝင်ဘာ)တွင် စစ်ကောင်စီက ဖမ်းကာ ထောင် ၁၄ နှစ်အထိ ချနိုင်သည့်​ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် ဦးအောင်နိုင်ဦးကို အမှုဖွင့်ထားသည်ဟု ၎င်း၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

“အတွင်းရေးတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေ ပေါက်ကြားလို့ဆိုပြီး စွပ်စွဲခံထားရတာ၊ ကိုဂျင်မီရဲ့ ဖုန်းထဲမှာ သူနဲ့ ဆက်သွယ်ထားတာတွေ၊ အတွင်းရေးတွေ ပြောထားတာတွေ မိလို့၊ ရန်သူကို သတင်းပေးလို့ဆိုတဲ့ အဓိပ္ပာယ်ပေါ့” ဟု အဆိုပါ ရှေ့နေက ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဦးအောင်နိုင်ဦးကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်တရားခွင်တွင် ယနေ့ (ဇန်နဝါရီ ၂၈) မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးရန်ရှိသည်ဟု ၎င်းထံမှ သိရသည်။

ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်မင်းယု(ခ) ကိုဂျင်မီကို ၂၀၂၁ အောက်တိုဘာ ၂၃ ညပိုင်းက ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖမ်းခဲ့ပြီး လွန်ခဲ့သည့် တစ်ပတ်ဝန်းကျင်တွင် သေဒဏ်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

ဦးအောင်နိုင်ဦးနှင့် ကိုဂျင်မီတို့၏ အဆက်အစပ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အမြင်အရ (ဦးအောင်နိုင်ဦးက) ကျန်းမာရေးကောင်းတယ်။ စိတ်ဓာတ်လည်းမာတယ်။ သူက ဝန်ထမ်းသာဖြစ်တာ စိတ်ဓာတ်ကတော့ အတော်မာတယ်။ ပြောရဲဆိုရဲ လုပ်ရဲတဲ့ သတ္တိရှိတယ်။ နေပြည်တော် စစ်ကြောရေးစခန်းတစ်ခုမှာတုန်းကတော့ ညှဉ်းဆဲခံလိုက်ရသေးတယ်လို့ ပြောတယ်။ အရိုက်ခံရသေးတယ်တဲ့” ဟု ရှေ့နေက ပြောသည်။ အသေးစိတ် မသိရပေ။

ဦးအောင်နိုင်ဦး(ခ)ကိုသားလေး။ ဓာတ်ပုံ − ပေးပို့

ဦးအောင်နိုင်ဦးမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၁၉၉၀ ပြည့်နှစ်ကျော် ကာလများအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့၌ နေအိမ်အကျယ်ချုပ်ကျစဉ် ရဲအဖြစ် ကာလအတန်ကြာ စောင့်ကြပ်ဖူးသည်ဟု ထိုရှေ့နေက ဆက်ပြောသည်။

ထိုအချက်အလက်မှာ မှန်ကန်ကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦးကလည်း အတည်ပြုသည်။ ဦးအောင်နိုင်ဦးမှာ၂၀၁၅ ရွေးကောက်ပွဲ NLD အနိုင်ရ၍ အစိုးရတာဝန်မထမ်းဆောင်မီ ကာလတွင် သတင်းရဲတပ်ဖွဲ့ ရဲမှူးတာဝန်ထမ်းဆောင်နေရာမှ သမ္မတရုံးသို့ ရောက်လာခြင်းဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

“အရင် ၅၄ ခြံ (ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အမှတ်)ရှေ့မှာရှိတဲ့ SB (သတင်းရဲတပ်ဖွဲ့) အုပ်စုတွေက သမ္မတရုံးမှာ တာဝန်တွေနဲ့ ရောက်နေတာ။ ဓာတ်သိတွေ (စစ်တပ်က) ကြိုပို့ထားပုံပဲ” ဟု ၎င်းက ပြောသည်။

သို့သော် ကိုသားလေးဟု နာမည်ကျော်သည့် ဦးအောင်နိုင်ဦးမှာ NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟုပင် ခေါ်သည်အထိ လေးလေးစားစား တာဝန်ထမ်းဆောင်သည်ကို တွေ့ရသည်ဟု အထက်ပါ ပုဂ္ဂိုလ်က မှတ်ချက်ပြုသည်။

“(ဒေါ်အောင်ဆန်းစုကြည်) ခရီးစဉ်တွေမှာ အမြဲပါတယ်။ NLD ရုံးသွားမယ်ဆိုရင်တောင် သူက ၃၊ ၄ နာရီ ကြိုရောက်ပြီး လုံခြုံရေးအတွက် လိုအပ်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

NLD က အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ရလဒ်ကို ငြင်းဆန်ကာ စစ်တပ်က အာဏာသိမ်းချိန်တွင် ဦးအောင်နိုင်ဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ယူခဲ့သူ ၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းထားသည်။

အထင်ရှားဆုံးမှာ အနီးကပ်လုံခြုံရေး ဒုရဲအုပ် ချယ်ရီထက်ဖြစ်ပြီး ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။

ထို့အတူ ရဲအုပ် ပြည့်ဖြိုးနိုင်ကိုလည်း မကြာသေးမီကမှ စစ်ကောင်စီက ထောင် ၃ နှစ် ချခဲ့သည်ဟု NLD ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီက အာဏာသိမ်းပြီး တစ်နှစ်အတွင်း ပုဒ်မပေါင်း ၁၆ ခုဖြင့် အမှုဖွင့်ထားကာ ၅ ခုအတွက် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button