သတင်း

မုံးကိုးနှင့် ကွတ်ခိုင်တွင် တစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် မုံးကိုး၊ ကွတ်ခိုင်မြို့နယ်တို့တွင် ယမန်နေ့(ဇန်နဝါရီ ၂၇)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ထံမှ သိရသည်။

ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အခြေစိုက် မုံးကိုးခရိုင် လော်ကြာရွာ၏ ‌အနောက်ဘက်တွင်ရှိသည့်စခန်းကို ထိုနေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်ုနိုင်က ပြောသည်။

မိနစ် ၄၀ ခန့်ကြာ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က နောက်ပြန်ဆုတ်သွားသည့်အတွက် ထိုနေရာတွင် တိုက်ပွဲပြီးဆုံးသွားပြီး MNDAA တပ်မှ ထိခိုက်ကျဆုံးသူမရှိဟု ၎င်းက ဆက်လက်ပြောသည်။

“သူတို့(စစ်ကောင်စီ)ဘက်က ထိခိုက်တာတွေ ရှိနိုင်ပေမဲ့၊ တိုက်ပွဲပြီးတော့ ကျွန်‌တော်တို့ နယ်မြေရှင်းတာ ဆက်မလုပ်ဖြစ်တဲ့အတွက် အသေးစိတ်မသိနိုင်သေးဘူး” ဟု ကိုရန်နိုင်က ပြောသည်။

မုံးကိုးမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းမှ MNDAA ၏ မန်ရန်စခန်းနှင့် ဖောင်းဆိုင်ရွာအရှေ့ဘက်ရှိ ကျိကျတောင်တန်းတို့ဘက်ကို လက်နက်ကြီးဖြင့် အချက်ရေ ၆၀ ခန့် တစ်နေကုန် ပစ်ခတ်ခဲ့သေးသည်ဟု ၎င်းက ဆိုသည်။

ညနေ ၄ နာရီခန့်တွင်လည်း ကွတ်ခိုင်မြို့၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိသည့် ကုန်းဆာရွာနှင့် ပန်ဆေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု MNDAA ထံမှ သိရသည်။

၎င်းတို့စစ်ကြောင်းနှင့် ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့်အကြာတွင် နှစ်ဖက်လုံးနောက်ပြန်ဆုတ်သွားသည့်အတွက် တိုက်ပွဲရပ်သွားသည်ဟု ကိုရန်နိုင်က ပြောသည်။

ထိုတိုက်ပွဲပြီးသည့်နောက် ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့သည်ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အသံတွေကတော့ ကြားနေရတာပဲ၊ ဗျူဟာကုန်းက လှမ်းပစ်တာ တိုက်ပွဲဖြစ်တဲ့နေရာကို၊ တော်တော်ကြာတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့က ကွတ်ခိုင်မြို့နယ် မန်းတုံဒေသတွင်လည်း တိုက်ပွဲဖြစ်ခဲ့သေးပြီး အသေးစိတ်အခြေအနေများကိုမူ မသိရသေးကြောင်း MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်နေပြီး မုံးကိုးမြို့နယ်တိုက်ပွဲများတွင် ကိုးကန့်အဖွဲ့၏လက်ချက်ကြောင့် စစ်ကောင်စီတပ်အထိနာနေသည်။

ဇွန်လမှစ၍ မုံးကိုးမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာကာ အထိနာနေချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးအလုံးရေ ရာနှင့်ချီအသုံးပြု တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ပွဲအရှိန်မြင့်နေချိန် ၂၀၂၁၊ ဒီဇင်ဘာ ၁၅ ရက်က MNDAA အဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၆ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ တွေ့ဆုံခဲ့သော်လည်း တိကျသည့် ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

ထို့နောက် ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်နှင့် အမြောက်ကြီးများပါ အသုံးပြုကာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button