သတင်း

တစ်လကျော်ကြာ ငြိမ်သက်နေသည့် ကန်ပက်လက်တွင် တိုက်ပွဲပြန်ဖြစ်

တစ်လကျော်ကြာ တိုက်ပွဲများငြိမ်သက်နေသည့် ချင်းပြည်နယ်‌တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၃) က စစ်တပ်နှင့် တိုက်ပွဲပြန်ဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – ကန်ပက်လက်) ထံမှ သိရသည်။

မြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် ကျင်ဒွေးမြို့နယ်ခွဲ၊ အပေါရွာအနီးတွင် နံနက် ၈ နာရီခန့်မှစ၍ တစ်နာရီခန့်အကြာ ရင်ဆိုင်မိကြခြင်းဖြစ်သည်ဟု CDF – ကန်ပက်လက်၏ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

“ကန်ပက်လက်မြို့နယ်အတွင်းကို ဝင်လာဖို့ ကြိုးစားတာမှာ နယ်စပ်မှာ ကျွန်‌‌တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုဖြစ်ပြီးမှ အဲဒီမှာ တိုက်ပွဲဖြစ်တာ” ဟု အမည်မဖော်လိုသည့် ထိုတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ အင်အား ၇၀ ခန့်ပါဝင်ပြီး CDF – ကန်ပက်လက်အဖွဲ့မှ ၁၃ ယောက်သာ ပါဝင်ကာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအလွန်အကျွံသုံးနိုင်သည်ဟု ၎င်းက ဆိုသည်။

CDF ရဲဘော်တစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ် ဆလိုင်းစည်သူအောင် တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးစာရင်းကိုတော့ မသိရသေးကြောင်း သူက ဆက်ပြောသည်။

CDF အဖွဲ့ဝင်များ ပြန်ဆုတ်ခဲ့သလို စစ်ကောင်စီတပ်ကလည်း အပေါရွာအတွင်းသို့ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။

အဆိုပါ ကျင်ဒွေးမြို့နယ်မှာ တိုက်ပွဲများဖြစ်ပွားလေ့မရှိသောကြောင့် စစ်ကောင်စီတပ်က အခွင့်ကောင်းယူကာ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းသည်။

အသက်ပေးသွားသည့် ရဲဘော် ဆလိုင်းစည်သူအောင်အတွက် အထူးဝမ်းနည်းကြောင်း CDF – ကန်ပက်လက်က ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ရုပ်အလောင်းကို ယနေ့ သင်္ဂြိုဟ်မည်ဟု သိရသည်။

ကန်ပက်လက်တွင် ဇန်နဝါရီ ၈ က စစ်ကောင်စီတပ်အချင်းချင်း အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း CDF တပ်ဖွဲ့နှင့် နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ဒီဇင်ဘာလဆန်းပိုင်းကဖြစ်သည့်အတွက် တစ်လကျော်ခန့် အပစ်အခတ် ငြိမ်သက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့နံနက် တိုက်ပွဲမဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များမှာ အပေါရွာအတွင်း၌ပင် ရှိနေသေးကြောင်း သိရသည်။

ကန်ပက်လက်မြို့တွင်းရှိ စာသင်ကျောင်း၊ စေတီကုန်း၊ ရဲစခန်းနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် တပ်စွဲထားသည်။ အဆိုပါတပ်များ မြို့ပြင်ထွက်လာခြင်းမရှိသေးသလို CDF ကလည်း မြို့တွင်းသို့ ဝင်မတိုက်သေးပေ။

သို့သော်လည်း အခြေအနေပြောင်းလဲသွားနိုင်သည်ဟု CDF – ကန်ပက်လက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်းသည်။

“စစ်ရေးအခြေအနေကတော့ ကျွန်တော်တို့ မကြာခင်မှာ ကြီးမားတဲ့တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတယ်။ သူတို့ဘက်ကလည်း အင်အားက လုံလုံလောက်လောက် ရှိနေတယ်ဆိုတော့ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ ပြင်ဆင်ထားတယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ စသည့်မြို့များတွင် စစ်ကောင်စီတပ်နှင့် မြို့နယ်အလိုက် CDF အဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

တိုက်ပွဲများ ပြင်းထန်နေရာ ယမန်နေ့တစ်နေ့တည်းမှာပင် CDF – ဖလမ်းမှ ၃၁ နှစ်အရွယ် တစ်ဦး၊ CDF – မတူပီမှ တပ်ရင်း(၂) တပ်ရင်းမှူးတစ်ဦး သေဆုံးခဲ့သည်။ 

အလားတူ ဇန်နဝါရီ ၂၂ ကလည်း တီးတိန်မြို့နယ်အတွင်း ဟိန်ဇိန်ရွာအနီး မိုင်းမတော်တဆမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF – Zoland) မှ တစ်ဦးနှင့် ချင်းအမျိုးသားတပ်မတော် (CNA) မှ တစ်ဦး သေဆုံးခဲ့ရသည်။ 

အနော်ရထာစစ်ဆင်ရေးဖြင့် ယမန်နှစ်အတွင်းကတည်းက ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခဲ့သည့် စစ်ကောင်စီတပ်သည် နှစ်ဆန်းမှစ၍ ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို အမြောက်တင်သံချပ်ကာကားများအပြင် စစ်ကား အစီးရေ ၈၀ ကျော်၊ စစ်သည်အင်အား ရာနှင့်ချီ ပို့ဆောင်ကာ ထိုးစစ်ဆင်ရန် ကြိုးစားနေသည်။

သို့သော် CDF တော်လှန်ရေးအဖွဲ့များက မြေပြန့်ဒေသမှ တော်လှန်ရေးအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ကာ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကို ဗျူဟာကျကျ ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button