
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကံစံပြကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၂) က စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများ၏နေအိမ် ၆ လုံးနှင့် အစိုးရ ဆေးပေးခန်းတို့ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းများ၊ ငွေကြေးနှင့် ဆိုင်ကယ်များကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
စုစုပေါင်း အင်အား ၃၀ ခန့်ပါ စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးတို့က စစ်ကား၊ ဆိုင်ကယ်များဖြင့် ရွာဘက် ဦးတည်လာနေသည်ဟု ကြိုတင်သတင်းရ၍ မွန်းလွဲပိုင်းတွင် ထိုရွာမှ NLD ပါတီ ထောက်ခံသူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
မင်းကင်းမြို့မှ ၃ မိုင်အကွာ အိမ်ခြေ ၄၀၀ ရှိ အဆိုပါရွာအတွင်းရှိ နေအိမ် ၆ လုံးကို ညနေ ၄ နာရီခန့်တွင် မွှေနှောက်ရှာဖွေပြီး အိမ်တွင်းမှ ပစ္စည်းနှင့် ငွေကြေးများ၊ ဆိုင်ကယ်များကို ယူဆောင်သွားခြင်းဖြစ်ကြောင်း နေအိမ်ရှာဖွေခံရသူ ကံစံပြကျေးရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
“NLD အမာခံတွေ၊ ထောက်ခံသူတွေရဲ့အိမ်တွေ၊ PDF ထောက်ပံ့သူတွေလို့ ထင်တဲ့သူတွေရဲ့အိမ်တွေကို တံခါးတွေကန်ချိုးပြီး ဝင်တယ်။ ပိုက်ဆံတွေ၊ သူတို့အသုံးကျမဲ့ပစ္စည်းတွေ ယူသွားတယ်၊ ဆိုင်ကယ်တွေဆို ဒီအတိုင်း ပေါ်တင်မောင်းယူသွားတယ်” ဟု ယင်းအမျိုးသားက ပြောသည်။
တစ်ဦးတစ်ယောက်မှ ဖမ်းဆီးခံရခြင်းမရှိခဲ့ကြောင်း သိရသည်။
စစ်သားများက ၎င်းတို့အထဲမှတစ်ဦး နေမကောင်းဖြစ်သည့်အတွက် ဆေးကုလိုကြောင်း ပြောဆိုကာ ဆေးခန်းတံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ဆေးပေးခန်းအတွင်းမှ ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ကျန်နေခဲ့သည့် ရွာသားများကို ကိုးကား၍ ထိုအမျိုးသားက ပြောသည်။
“ဆေးခန်းသုံးဖို့ အစိုးရက ချပေးထားတဲ့ ပစ္စည်းတွေ၊ တက်ဘလက်၊ နာရီ၊ ပါဝါဘဏ်၊ ဖုန်းနှစ်လုံး၊ ကွန်ပျူတာက ပစ္စည်းတွေ၊ လျှပ်စစ်စက်ဘီးမှ ဘက်ထအိုး၊ လည်သာကုတ်အင်္ကျီတောင် ယူသွားတာ” ဟု သူက ပြောသည်။
“ရွာကိုလည်း ဆဲဆိုခြိမ်းခြောက်ပြီးတော့ ပြန်လာမယ်လည်း ပြောသွားတော့ ကျွန်တော်တို့ကတော့ ရှောင်နေရသေးတယ်”
ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်သားများနှင့် ပျူစောထီးများ ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။
ရွာသို့ရောက်လာသည့် စစ်တပ်နှင့် ပျူစောထီးတို့၏ လုပ်ရပ်အကြောင်း ဒေသခံတို့၏ပြောဆိုချက်နှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် မေးမြန်းလိုသော်လည်း မင်းကင်းမြို့မရဲစခန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ မွှေနှောက်ခြင်းမပြုသည်မှာ ကြာပြီဖြစ်ပြီး ယမန်နေ့ကစပြီး ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မင်းကင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)