
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သေနတ်တစ်လက်နှင့်အတူ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် စစ်သားနှစ်ဦး ဆက်သွယ်ပူးပေါင်းလာကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယနေ့ (ဇန်နဝါရီ ၂၁) ညနေပိုင်းတွင် ထုတ်ပြန်သည်။
ရေစကြိုအခြေစိုက် ခြေလျင်တပ်ရင်း ၂၅၆ မှ ထွက်ပြေးလာသည့် စစ်သားနှစ်ဦးက M1 ရိုင်ဖယ်တစ်လက် အပ်နှံကာ ပူးပေါင်းလာခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ် PDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီက အစာဝအောင်မကျွေးသဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းလိုသည်ဟု ဆက်သွယ်ပြောကြားကာ ဇန်နဝါရီ ၁၈ ညပိုင်းတွင် ထွက်ပြေးလာခြင်းဖြစ်သည်ဟု ရေစကြို PDF ခေါင်းဆောင် ကိုဝေကြီးဆိုသူက Myanmar Now ကို ပြောသည်။
“ပြည်သူနဲ့ ပူးပေါင်းချင်တယ်။ သူတို့ကို လစာလည်း မပေးဘူး။ အစာလည်း ဝဝလင်လင် မကျွေးဘူး။ အောက်ခြေတပ်သားဆိုတော့ ခိုင်းချင်သလိုခိုင်းတယ်။ စစ်ကောင်စီကို မကျေနပ်လို့ CDM လုပ်ရုံတင်မဟုတ်ဘူး။ ပြန်တိုက်ချင်တာလို့ လက်နက်ပါယူလာတယ်လို့ ပြောတာ” ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းဇာတိ ကိုသက်ဆိုသူ တပ်သားမှာ တပ်ရင်း၌ လုံခြုံရေးတာဝန်ကျနေစဉ် ထွက်ပြေးလာခြင်းဖြစ်ကာ ဇာတိမသိရဘဲ တိုင်းရင်းသားတစ်ဦးဖြစ်သူ စောကလဲဘွဲထူးဆိုသူမှာ ရေစကြိုမြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာရှိ ဆင်ချောင်းရွာတွင် တပ်စွဲနေရာမှ ထွက်ပြေးလာခြင်းဖြစ်သည်ဟု သိရသည်။
“တစ်ယောက်က လွန်ခဲ့တဲ့နှစ်လလောက်က ဆင်ချောင်းမှာ တပ်စွဲနေတဲ့ တပ်ထဲက၊ နောက်တစ်ယောက်ကတော့ စစ်ကြောင်းတွေမှာ မလိုက်ဖူးဘူးလို့ ပြောတယ်ဗျ။ တပ်ထဲမှာ ကင်းကျတယ်။ အခုလည်း ကင်းကျနေရင်း သေနတ်နဲ့ ထွက်ပြေးလာတာ။ ကျန်တဲ့အချိန်မှာတော့ သေနတ်မကိုင်ရဘူး ပြောတယ်” ဟု ကိုဝေကြီးက ပြောသည်။
စစ်သားနှစ်ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံချင်သူများကို ဆက်လက်ကြိုဆိုနေသည်ဟုလည်း ရေစကြို PDF က ဆိုသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ချင်းတွင်းမြစ်သာခြားသည့် ရေစကြိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ ဖူလုံရွာအနီးတွင် စစ်ကောင်စီ၏ အမှတ် ၂၅၆၊ ၂၅၇ နှင့် ၂၅၈ ခြေလျင်တပ်ရင်းများ ရှိသည်။
ပြီးခဲ့သည့် မေလနှင့် ဇူလိုင်လအတွင်းကလည်း ခြေလျင်တပ်ရင်း ၂၇၈ မှ တပ်ကြပ်တစ်ဦးနှင့် ၂၅၇ မှ တပ်သားနှစ်ဦး ထွက်ပြေးလာကာ ၎င်းတို့နှင့် ပူးပေါင်းခဲ့သည်ဟု ရေစကြို PDF ခေါင်းဆောင် ကိုဝေကြီးက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။