
မန္တလေးမြို့အခြေစိုက် Mandalay Free Press (MFP) သတင်းဌာနတွင် အချိန်ပိုင်းရုပ်သံတည်းဖြတ်ပေးသူ ကိုအောင်ဇော်ဇော် ကန့်ဘလူမြို့မရဲစခန်းတွင် ထိန်းသိမ်းခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ဇန်နဝါရီ ၁၆၊ ည ၈ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်ကို စစ်ကောင်စီတပ် လာရောက်စစ်ဆေးခဲ့ပြီး ထိုအုပ်ချုပ်ရေးမှူးဟောင်း၏သားဖြစ်သူ ၂၅ နှစ်အရွယ် ကိုအောင်ဇော်ဇော်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ထိုသူက ပြောသည်။
“သူ့အိမ်ကို မသင်္ကာလို့ လာစစ်ဆေးတဲ့အချိန် သူ့ဖုန်းတွေ Laptop တွေထဲမှာက သူတို့မကြိုက်တဲ့အချက်တွေ တွေ့တော့ ဖမ်းသွားတယ်လို့ ထင်ပါတယ်။ သူက သတင်းဌာနကို ရုပ်သံတည်းဖြတ်ကူညီနေသူသာဖြစ်ပါတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါနီးစပ်သူက ဆိုသည်။
“ သူ့အဖေက အုပ်ချုပ်ရေးမှူးဟောင်းဆိုတော့ မကျေနပ်သူတွေဘာတွေရှိပြီး လာစစ်ဆေးပြီးမှ ဖမ်းတာလည်း ဖြစ်နိုင်တယ်”
ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ထပ်မံလာရောက်၍ သူ၏ လက်တော့ကွန်ပျူတာအပါအဝင် ပစ္စည်းအချို့ကို သိမ်းယူခဲ့သည်ဟု ဆိုသည်။
ဒေသတွင်းသတင်းများကို တင်ဆက်နေသည့် Mandalay Free Press (MFP) အယ်ဒီတာအဖွဲ့က ကိုအောင်ဇော်ဇော် လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ယမန်နေ့ (ဇန်နဝါရီ ၁၉) တွင် သတင်းထုတ်ပြန်ထားသည်။
“ကိုအောင်ဇော်ဇော်သည် ဗီဒီယိုနှင့် ရုပ်သံ တည်းဖြတ်ခြင်းလုပ်ငန်းများကို သင်ယူနေသူ လူငယ်တစ်ဦးဖြစ်ပြီး သတင်းထုတ်လုပ်ခြင်းတွင် အချိန်ပိုင်းအနေဖြင့် ကူညီဆောင်ရွက်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိကြောင်း၊ သို့ဖြစ်ပါ၍ အပြစ်မရှိသူ ကိုအောင်ဇော်ဇော်အား အမြန်ဆုံးပြန်လွှတ်ပေးရန်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆသည့် သတင်းသမားအများအပြားကို ဖမ်းဆီးထောင်ချနေသဖြင့် သတင်းသမားအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယခုနှစ် ဇန်နဝါရီ ၆ ကလည်း စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနမှ သတင်းသမားနှစ်ဦးကို စစ်ကောင်စီက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။
ဇေယျာတိုင်းသတင်းဌာနသည် အာဏာသိမ်းစစ်ကောင်စီဟု သုံးနှုန်းသည်၊ CRPH, NUG တို့၏သတင်းများကို ဖော်ပြသည်၊ ဆန္ဒပြပုံများကို ဖော်ပြသည်ဟု စစ်ကောင်စီ၏တိုင်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီလက်ထက်တွင် သတင်းလွတ်လပ်ခွင့်လည်း ဆုံးရှုံးသလို တိုင်းပြည်လည်း အမှောင်ဖုံးနေပြီဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူ အထက်မြန်မာပြည်သတင်းသမားတစ်ဦးက ဆိုသည်။
“သူတို့အလိုကျ အာဘော်အတိုင်း လိုက်မရေးရင် ဖမ်းမယ်၊ ထောင်ချမယ်။ အခုဆို အသက်ဆုံးရှုံးရသူ သတင်းသမားတွေတောင် ရှိလာပြီ။ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးတာတော့ မြင်တဲ့အတိုင်းပဲလေ။ နောက်ပြီး တိုင်းပြည်လည်း အမှောင်ဖုံးနေပါပြီ”ဟု ၎င်းက ပြောသည်။
မကြာသေးခင် ဇန်နဝါရီ ၁၈ ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာန၌ လုပ်ကိုင်ခဲ့သော သတင်းထောက်နှစ်ဦးနှင့် ရုံးအဖွဲ့ဝင်တစ်ဦးတို့ကို နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက်အများအပြား ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများရှိသော်လည်း သတင်းသမား ၅၀ ဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သတင်းသမားအသိုင်းအဝိုင်းထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။