မေးမြန်းခန်း

တပ်မတော်သားတွေလည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ

ပုသိမ် – ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ဇာတိ ဦးအောင်ကျော်ခိုင်သည် တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် မကြာသေးမီက ရွေးချယ်ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြန်လည်စတင်သည့် တိုင်းလွှတ်တော်တွင် ဥက္ကဋ္ဌသစ်က မြစ်ဝကျွန်းပေါ်ဒေသအတွင်း သိမ်းဆည်းခံလယ်ယာမြေ သုံးသိန်းကျော်ရှိနေသည့်အကြောင်းကိုလည်း ထည့်သွင်း ပြောဆိုခြင်းဖြင့် ဒေသခံတို့ ကြုံတွေ့နေသော အရေးကိစ္စကို အလေးအနက်ထားကြောင်း ပြသခဲ့သည်။

ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအများစုနည်းတူ ဦးအောင်ကျော်ခိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ဖြစ်သည်။ ထို့အပြင် ကိုလိုနီခေတ်ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့် အမျိုးနီးစပ်တော်သူ လည်း ဖြစ်သည်။

Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် တွေ့ဆုံစဉ် ဦးအောင်ကျော်ခိုင်က လယ်ယာမြေပြဿနာ၊ လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိထားသော တပ်မတော်သားများအပေါ် ၎င်း၏အမြင်၊ ပြည်သူများ၏ လိုအပ်ချက် စသည့်အကြောင်းအရာတို့ကို ပြောပြထားသည်။

မေး – လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်ခိုင်ကို ရွေးချယ်နိုင်အောင်လို့ ပါတီက ဘာကြောင့် စီစဉ်ခဲ့တယ်လို့ ထင်ပါသလဲ။

ဖြေ – အချက်အလက်တွေအများကြီးနဲ့ညီလို့ ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့် ကိုယ်ရေးမှတ်တမ်းရယ်၊ သူတို့သတင်းစုဆောင်းမှုတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော်က (ပါတီရဲ့) တိုင်းဥပဒေ အထောက်အကူပြုအဖွဲ့မှာလည်း ၂ဝ၁၃ ကတည်းက တာဝန်ထမ်းဆောင်ခဲ့တယ်၊ ပြီးတော့ တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာလည်း တော်တော်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ (၂ဝ၁၅ ရွေးကောက်ပွဲမှာ) ကျွန်တော် ပြိုင်ဆိုင်ရတဲ့နေရာကလည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ပြိုင်ရတာဆိုတော့ တော်တော် အင်အားစိုက်ထုတ်လိုက်ရပါတယ်။ ဒါတွေကြောင့် ရွေးချယ်တယ်လို့ ထင်ပါတယ်။

မေး – တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံလိုက်ရတဲ့အတွက် ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ – ကြီးလေးတဲ့တာဝန်တစ်ရပ်ဆိုတာကတော့ မှန်ပါတယ်။ အစောကြီးကတည်းက အရိပ်အယောင်တွေ သိနေတယ်ဆိုတော့ အများကြီးတော့ ရင်မခုန်ပါဘူး။ တကယ်ဖြစ်မဖြစ်သာ စောင့်နေရတာ၊ ကျန်တဲ့အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ အများကြီး ညှိနှိုင်းနေရတာရှိတော့ ဖြစ်လာမလား၊ ဖြစ်မလာဘူးလား ဆိုတာ မသိသေးဘူးလေ။ ခုကတော့ သေချာသွားတာပေါ့။

မေး – ဧရာဝတီတိုင်းဒေသကြီးမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပြဿနာကို ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါသလဲ။

ဖြေ – လယ်ယာမြေကိစ္စက အများကြီးပဲ။ ဒီပြဿနာက ချက်ချင်းဖြေရှင်းဖို့ထက် ဥပဒေတွေ ပြဋ္ဌာန်းဖို့အတွက်လည်း အများကြီးလိုပါတယ်။ အချိန်ယူပြီး သွားရပါလိမ့်မယ်။ ဒါပေမဲ့လည်း လွှတ်တော်သက်တမ်း ၅နှစ် အတွင်းမှာ တော်တော်များများတော့ ကိုင်တွယ်နိုင်ပါလိမ့်မယ်။

မေး – သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဥပဒေပြုလွှတ်တော်က လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။ ပါတီရဲ့ မူဝါဒကရော လယ်ယာမြေ ပြဿနာအပေါ် ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ – အဲဒါကတော့ အလုပ်လုပ်ရင်းနဲ့မှပဲ သိမှာပါ။ ပါတီရဲ့ ဗဟိုတောင်သူလယ်သမားကော်မတီကတော့ လယ်ယာမြေနဲ့ ပတ်သက်တဲ့အချက်အလက်တွေ တောင်းနေပါပြီ။ ပထမဆုံးအဆင့်ကတော့ အဲဒီဟာကို သွားရတာပေါ့။ ရေတိုစီမံချက်အနေနဲ့ သွားလို့တော့ မရဘူးလို့ ထင်ပါတယ်။ အခုကတော့ စနေပါပြီ။ JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ကလည်း ရှင်းပြပါတယ်။ ကျွန်တော်တို့ဘက်က ဘာတွေ လိုအပ်သလဲ၊ သူတို့ဘက်ကရော ဘာတွေ လုပ်ပေးနိုင်မလဲ၊ မျိုးစေ့တို့ ဓာတ်မြေသြဇာတို့၊ စိုက်နည်းစနစ်တို့ပေါ့။ ဆုံးရှုံးထားတာကို ရနိုင်ဖို့ကတော့ တစ်ကဏ္ဍပေါ့ဗျာ။ ဆက်ပြီးတော့ သွားမယ်ဆိုရင် စိုက်ပျိုးရေးပေါ်လစီ ချပေးနိုင်ဖို့ လိုပါလိမ့်မယ်။

မေး – ဒီဒေသရဲ့ တောင်သူလယ်သမားတွေ ဘာတွေလိုအပ်နေတာ တွေ့ရပါသလဲ။

ဖြေ – အများကြီးပါပဲဗျာ။ လယ်သမားတွေအနေနဲ့ကတော့ စိုက်စရိတ် အချိန်မီမရတာရယ်။ ဓာတ်မြေသြဇာအဆင့်အတန်း မမီတဲ့ ကိစ္စတွေ၊ ကျန်းမာရေးနဲမညီညွတ်တဲ့ အပိုင်းတွေရယ်။

မေး – လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ မဲဆန္ဒတွေရရှိဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဘယ်လို စည်းရုံးသွားမလဲ။

ဖြေ – တပ်မတော်ကလည်း သိနေကြပါပြီ။ သူတို့လည်း ပြည်သူတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ ဘယ်လိုခံစားနေရမလဲ ဆိုတာကို မှန်းဆကြည့်လို့ရနေပါပြီ၊ သူတို့လည်း ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါပြီ။ တပ်မတော်သားတွေ အနေနဲ့ရော၊ တပ်မတော်မိသားစုတွေ အနေနဲ့ရော၊ တပ်မတော် အင်အားအရရော နိုင်ငံတကာ အဆင့်မီ ဖြစ်ချင်နေကြပြီလို့ ထင်ပါတယ်။ အခုကတော့ ကျွန်တော်တို့အားလုံး ဒီအပေါ်မှာ တာဝန်ရှိနေပြီလို့ ထင်ပါတယ်။ သူတို့တွေကလည်း ပြည်သူထဲကပဲ ပေါက်ဖွားတဲ့ တပ်မတော်ပဲလေ။ သူတို့နဲ့ကလည်း မိသားစုလို့ပဲ ထင်ပါတယ်။

မေး – ၂ဝဝ၈ အခြေခံဥပဒေမှာ ပါရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဥပဒေပြုရေးအာဏာဟာ လုံလောက်တယ်လို့ ထင်ပါသလား။

ဖြေ – ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စက အလွန်ကျယ်ပြန့်တဲ့ ကိစ္စဖြစ်နေပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးအတွက် ပြဿနာဖြစ်နေပါတယ်။ ဖွဲ့စည်းပုံမပြင်နိုင်သေးခင်ကာလမှာ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်တွေအတွက် ဥပဒေပြုလို့ရတဲ့အပိုင်းတွေမှာလည်း ရှိပါတယ်။ ပြင်နိုင်ပြီဆိုရင်တော့ ပိုပြီးတော့ နိုင်နိုင်နင်းနင်း ပိုင်ပိုင်နိုင်နိုင် လုပ်လို့ ရနိုင်ပါတယ်။ ခုတိုင်းလည်း ဥပဒေပြုပြီး ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်အတွက် လုပ်နိုင်မယ်လို့ ထင်ပါတယ်။

မေး – ပြည်သူရဲ့လိုအပ်ချက်တွေကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘယ်လိုဖြည့်ဆည်းပေးသွားမလဲ။

ဖြေ – ပြည်သူကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ပြည်လုံး၊ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အားလုံး ပါဝင်ဆောင်ရွက်ခဲ့တာပါ။ ရွေးကောက်ပွဲတစ်ခု ဆိုတာထက်ကို ပိုပြီး အများကြီး အဓိပ္ပာယ်လေးနက်ခဲ့ ပါတယ်။ သူတို့ရဲ့မျှော်လင့်ချက်တွေကိုလည်း အများကြီး ထိန်းညှိသွားရမှာ ရှိပါတယ်။ ပထမဦးစားပေး၊ ဒုတိယဦးစားပေး အစစအရာအရာ စဉ်းစားရဖို့ လိုပါတယ်။ အရမ်းကြီး လက်သီးလက်မောင်းတန်းနေလို့ မရပါဘူး။ ။

Show More

Related Articles

Back to top button