
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မုံပင်ကျေးရွာတွင် စစ်ကောင်စီသတင်းပေးဟု ယူဆရသည့် လင်မယားကို ယနေ့ (ဇန်နဝါရီ ၁၇) မွန်းလွဲ ၁ နာရီကျော်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စဉ့်ကိုင်မြို့ခံများနှင့် People Defense Force (Sintgaing) ထံမှ သိရသည်။
အသက် ၅၀ ဝန်းကျင် ဦးဇော်ဝင်းနှင့် ဒေါ်သင်းလှတို့သည် ကျေးရွာအတွင်းမှ အာဏာသိမ်းမှုကို ဆန့်ကျင်သူများနှင့် ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ အကြိမ်ကြိမ် သတင်းပေးပို့ခဲ့သည်ဟု စဉ့်ကိုင် PDF ၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက စွပ်စွဲလိုက်သည်။
“သူတို့လင်မယားကြောင့် ဒေသတွင်း ပြောက်ကျားအဖွဲ့တွေ၊ PDF တွေ၊ ဆန္ဒပြသူတွေ အကြိမ်ကြိမ်ပြေးကြရတယ်၊ ဖမ်းခံရသူတွေ အများအပြားဖြစ်လာတယ်၊ ဒါကြောင့် အခုလို ရှင်းလင်းလိုက်ရတာပါ”ဟု ၎င်းအဖွဲ့ဝင်က ပြောသည်။
ဒလန်ဟု စွပ်စွဲခံရသူနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် စဉ့်ကိုင်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျရဲဝန်ထမ်းက ဖြေကြားရန် ငြင်းဆန်သည်။
ဒေသခံတစ်ဦးကလည်း စဉ့်ကိုင်မြို့နှင့် ဆိုင်ကယ်ခရီး တစ်နာရီခန့်သာ ကွာဝေးသည့် ထိုကျေးရွာအတွင်း စစ်သားများ မကြာခဏ ရောက်လာ မွှေနှောက် ဖမ်းဆီးတတ်ခြင်းမှာ ထိုလင်မယား၏ လက်ထောက်ချမှုကြောင့်ဟု ယူဆသည်။
“မျက်စိဒေါက်ထောက်ကြည့်ခံရတဲ့ရွာ၊ ခဏခဏ စီးခံရတယ်။ အနီးအနားက ဘယ်ရွာမှာ တစ်ခုခုဆို မုံပင်က ရှာခံရတယ်” ဟု ၎င်းက ဆိုသည်။
“တစ်ခါတုန်းက ဘယ်လင်းရွာ တရုတ်စက်ရုံစောင့်ရဲတွေ တိုက်ခိုက်ခံရတုန်းကလည်း မုံပင်က လူ ၁၅ ယောက်လောက် ဖမ်းခံရတယ်”
ယမန်နှစ် ဩဂုတ်အတွင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ မုန်ပင်၊ ကံကြီး၊ ရွာဘိုတို့ကို အင်အားရာဂဏန်းရှိ ရဲနှင့် စစ်သားများ ရောက်ရှိလာပြီး လူငယ် ၃၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်။
မုံပင်ကျေးရွာခံအများစုသည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူများဖြစ်ကြသည်။ ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း စဉ့်ကိုင်မြို့ပေါ် လာရောက်ကာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသည့် မုံပင်ကျေးရွာသား အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။
မန္တလေး၊ ကျောက်ဆည်၊ မတ္တရာ၊ စဉ့်ကူး၊ စဉ့်ကိုင် စသည့် ဒေသများတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများ၊ ဒလန်များကို စစ်တပ်ထံ သတင်းဆက်မပေးရန် ဒေသတွင်းပြောက်ကျားတပ်ဖွဲ့များက အကြိမ်ကြိမ် သတိပေးထားသည်။
ပြည်သူလူထုကို ဒုက္ခဆက်ပေးပါက ရှင်းလင်းသုတ်သင်မည်ဖြစ်ကြောင်း သတိပေးစာများတွင် ဖော်ပြထားသည်။
အလားတူ ဇန်နဝါရီ ၂ ကလည်း စဉ့်ကိုင် PDF က ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်များကို ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ရွှေမိုးမြေကျေးရွာ (မိုးကြိုးတွင်းရွာ) အနီး၊ မိုင်တိုင် ၃၄၂ တွင် နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းထားသည့် စစ်ကောင်စီကလည်း အရပ်သားအများအပြားကို လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ပြင်းပြင်းထန်ထန် ချေမှုန်းလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်၊ ကသဲကျေးရွာမှ “တူဒေး” လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၃၀ အရွယ် ကိုဖြိုးမောင်ရဲ ဆိုသူလည်း ၂၀၂၁ ဒီဇင်ဘာ ၁ နေ့လယ်က ပစ်ခတ်ဖမ်းဆီးခံရပြီး စစ်ဆေးနေစဉ် ညနေတွင် သေဆုံးသွားခဲ့ရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)