
မန္တလေးမြို့တွင် ဇန်နဝါရီ ၇ ရက်မှစ၍ စစ်ကောင်စီနှင့် ဆက်နွှယ်သည့်နေရာ ၁၀ ခုထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ယနေ့ (ဇန်နဝါရီ ၉) တွင် စစ်သားနှင့် ရဲများက မြို့အနှံ့ ရှာဖွေစစ်ဆေးနေသည်ဟု မြို့ခံအချို့ထံမှ သိရသည်။
ဇန်နဝါရီ ၇ ရက်က ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက် (၁၁၅)လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအပါအဝင် နေရာ ၈ ခု၊ ဇန်နဝါရီ ၈ ရက်တွင် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ တိုင်းလွှတ်တော်ရုံး ဝင်ပေါက်ဂိတ် ရဲကင်းအပါအဝင် သုံးနေရာတိုက်ခိုက်ခံရသည်ဟု သိရသည်။
ယနေ့ (ဇန်နဝါရီ ၉) နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်းအနီးတွင် ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက အတည်ပြုသည်။
“တွဲက ပြတ်ပြီး ရပ်သွားတယ်။ ရဲတစ်ဦး လည်ပင်းထိတယ်။ တွဲပေါ်ပါလာတဲ့ရဲတွေက ဆင်းပြီး ရမ်းပစ်တယ်။ နာရီဝက်လောက်ကို ပစ်နေတာ”ဟု ၎င်းက ပြောသည်။
သုံးရက်ဆက် ပေါက်ကွဲမှုများနှင့် ပတ်သက်၍ ပျက်စီး၊ ဒဏ်ရာရ၊ သေဆုံးမှု အခြေအနေ မသိရသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ထိုသို့ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်တွင် မန္တလေးမြို့အနှံ့ နေရာ ၂၀ ထက်မနည်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရှာဖွေစစ်ဆေးမှုများတိုး၍ လုပ်လာနေပြီး ရိုက်နှက်ဖမ်းဆီးမှုများပင်ရှိနေသည်ဟု ကိုယ်တွေ့ကြုံရသူများ အပါအဝင် ဒေသခံလေးဦးထက်မနည်းက အတည်ပြုသည်။
“ကျွန်တော်က တူးဘောက်ထဲမှာ ဆိုင်ကယ်ပြင်ဖို့ အရေးပေါ်အတွက် (ခွ) တစ်ခု ထည့်ထားတာ။ ဒါကို ဘာလို့ထည့်တာလဲဆိုပြီး နားရင်းရိုက်တယ်။ ဆဲတယ်” ဟု မန္တလေး မဟာအောင်မြေမြို့နယ် ၄၁ လမ်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို အသေးစိတ်စစ်ဆေး၍ လက်ကိုင်ဖုန်းကို ယူကြည့်ရုံသာမက အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးလာ၍ဟု အကြောင်းပြကာ ငွေညှစ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
“ကျွန်တော့် ညီနှစ်ယောက် ဖမ်းခံရတာ။ နေရာမှာတင် လက်ခေါင်းပေါ်တင်ပြီး ပုံစံထိုင်ခိုင်းတယ်။ နှစ်ယောက်စီးလို့ဆိုပြီး ဖမ်းတာ။ အမှတ်(၇)ရဲစခန်းထိ ဖမ်းခေါ်သွားပြီး တစ်ဦးငါးသောင်းတောင်းတယ်။ ပိုက်ဆံပေးလို့ လွတ်လာတာ”ဟု မဟာအောင်မြေ သံရှေ့ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။
“စခန်းမှာလဲ ဖမ်းထားပြီး ငွေညှစ်နေတာ။ ကျွန်တော့်ညီတွေနဲ့အတူ ဖမ်းခံရတာကိုက အချုပ်ကားတစ်စီးအပြည့်ပဲ” ၎င်းက ဆက်ပြောသည်။
ထို့အတူ ယနေ့ နံနက် ၁၁ နာရီခန့်တွင် (၄၁) လမ်း၊ (၈၉) လမ်း၊ လမ်း (၉၀) ကြား၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လူငယ်တစ်ဦးကို မိဘများရှေ့မှောက်မှာပင် ရိုက်နှက်ဖမ်းခေါ်သွားကြောင်း များမကြာမီ လန်ဒန်ဝင်းရပ်ရှိ အခြားလူငယ်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ဘာလို့ဖမ်းတာလဲ အသေးစိတ်တော့ မသိရသေးဘူး” ဟု စိန်ပန်းရပ်တွင် နေထိုင်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။
အမည်မဖော်လိုသည့် အခြားဒေသခံတစ်ဦးက စစ်ကောင်စီ၏ လမ်းပေါ်၌ ရမ်းကားမှုများကို စကားထဲပင် ထည့်ပြောစရာမလိုလောက်အောင် ဖြစ်ရကြောင်း ပြောသည်။
“ကိုယ့်အိမ်ထဲနေနေတာတောင် လာဖမ်း၊ လာပစ် လုပ်နေတာလေ၊ မလုံခြုံနေရတာလေ၊ စစ်ကောင်စီအုပ်ချုပ်နေသမျှ ကိုယ့်အသက်ကို သရဏဂုံတင်ထားရတယ်”ဟု ၎င်းက ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
မန္တလေးမြို့တွင် ရဲနှင့် စစ်သားများပါဝင်သော ကင်းလှည့်အဖွဲ့တစ်ဖွဲ့လျှင် အနည်းဆုံး ဆိုင်ကယ်ဆယ်စီး အဖမ်းပြရန် စစ်ကောင်စီက စီမံချက်ချထားပြီး၊ ယမန်နေ့တွင် ဆိုင်ကယ်အစီး ရာနှင့်ချီ အဖမ်းခံခဲ့ရကြောင်း မြို့ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
မန္တလေးမြို့တွင် ယနေ့အချိန်ထိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြမှုများ ရှိနေဆဲဖြစ်ကာ စစ်ကောင်စီကို ပစ်မှတ်ထားသည့် ဖောက်ခွဲတိုက်ခိုက်မှုများလည်း မကြာခဏဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)