သတင်း

သရက်ချောင်းမြို့နယ်မှ ဆယ်ကျော်သက် ၄ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၇) ၌ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးရှိ ပန်းရန်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသူများအပါအဝင် လူငယ် ၄ ဦးကို ပစ်သတ်ခဲ့ကြသည်။

နံနက် ၉ နာရီဝန်းကျင် ကင်းရှေ့ရွာတွင် စစ်တပ်က မွေးမြူထားသည်ဟု အများက ယူဆသော အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များရောက်ရှိစဉ် ထိုဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဝင်ရောက်တိုက်ခိုက်ရာ ရွာအရှေ့ပိုင်း၌ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားစဉ် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကူလာသည့် စစ်ကားနှစ်စီးကို ရွာမြောက်ဘက် နှစ်ဖာလုံအကွာ ညောင်ကုန်း (သင်္ချိုင်းကုန်း) အရောက် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အနီးရှိ နေအိမ်ဆောက်လုပ်နေသည့် ပန်းရန်အလုပ်သမားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ကင်းရှေ့ရွာခံတစ်ဦးက ပြောသည်။

“သေသွားတဲ့ကလေးတွေက ပန်းရန်လုပ်နေတာ။ သူတို့ဟာသူတို့ အေးဆေး အလုပ်လုပ်နေတာကို PDF လို့ စွပ်စွဲပြီးတော့ ခေါင်းကို တေ့ပစ်သွားတယ်။ ကလေးတွေဆိုတော့ ကြောက်တာပေါ့ဗျာ။ ဖမ်းမိတဲ့အခါမှာ ပစ်သတ်သွားတာ” ဟု အထက်ပါ ရွာခံက ပြောသည်။

ပစ်သတ်ခံသူရများမှာ ၁၄ နှစ်အရွယ် မောင်ခန့်ဇင်ထွေး၊ ၁၇ နှစ်အရွယ်များဖြစ်ကြသော မောင်အောင်သက်ဖြိုးနှင့် မောင်ရဲဇော်ထိုက်၊ ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

အခြားလူလတ်ပိုင်းအမျိုးသားနှစ်ဦးမှာလည်း ကျည်ထိဒဏ်ရာကြောင့် ဆေးရုံတင်ထားရသည်ဟု သတင်းကြားရကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပန်းရန်လုပ်တဲ့အဖွဲ့က ထမင်းစားပြန်တဲ့အချိန် ရောပြီးတော့ အပစ်ခံရတာ။ မိုင်းဆွဲတဲ့ကလေးတွေ ဆိုပြီးတော့ ပစ်သွားတာ”ဟု ၎င်းက ဆိုသည်။

စစ်ကား ၂ စီးကို လက်လုပ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်ဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် နောက်ထပ် စစ်ကားနှစ်စီးဖြင့် ရောက်လာကာ ရွာအတွင်း စစ်ဆေးလျက်ရှိရာ ဖမ်းဆီးခံရသူအရေအတွက်ကိုမူ လက်ရှိတွင် အတည်မပြုနိုင်သေးဟု ၎င်းက ပြောသည်။

လက်ပြန်ကြိုးတုပ်လျက်ဖြင့် စစ်ကားပေါ် ဖမ်းဆီးခံထားရသူ တစ်ဦးကို ၎င်းမြင်တွေ့ခဲ့ရကြောင်း၊ ရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်စစ်ဆေးနေသဖြင့် ဖမ်းဆီးခံရသူ ပိုများနိုင်ကြောင်း အထက်ပါရွာခံအမျိုးသားက ပြောသည်။

ကင်းရှေ့ရွာသည် သရက်ချောင်းမြို့ အရှေ့မြောက်ဘက် ၁၈ မိုင်အကွာတွင် ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဘက်တော်သားများ၏ ရန်ကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်။

လူငယ် ၄ ဦးကို ပစ်သတ်မှု၊ စစ်သားများ၊ ပျူစောထီးများ၏ မြန်မာပြည်တောင်ပိုင်းဒေသ လှုပ်ရှားမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပျူစောထီးအဖွဲ့သည် အာဏာသိမ်းစစ်တပ်ကို လိုလားသူတချို့ဖြင့် စုစည်းထားပြီး လက်နက်ကိုင်လှုပ်ရှားလျက်ရှိရာ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် အောက်တိုဘာ ၇ ၌ ရဟန်းတစ်ပါး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးကို  ရိုက်နှက်ဖမ်းဆီးခဲ့မှု ဖြစ်ပွားခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ် စတင်ကြောင်း ကြေညာခဲ့သည့် စက်တင်ဘာ ၇ မှစ၍ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

တိုက်ပွဲများကြောင့် ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ရေဖြူ၊ ပုလောမြို့နယ်များတွင် စစ်ဘေးရှောင် ၄ဝဝဝ ခန့်ရှိကြောင်း ဒေသတွင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။

ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
 

Show More

Related Articles

Back to top button