မေးမြန်းခန်း

“တံဆိပ်တွေကို ကြည့်နေရမဲ့ အချိန်အခါမဟုတ်ဘူး”

ရန်ကုန် – ပါတီကိုမကြည့်ဘဲ လူကိုကြည့်ကြရမယ့်အချိန်ရောက်ပြီလို့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ ကနေ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) က ဦးခိုင်မောင်ရည်က ပြောလိုက်ပါတယ်။ ၂ဝ၁၁-၂ဝ၁၅ ကာလမှာတော့ သူက အလုံမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ မကြာသေးခင်က ဦးခိုင်မောင်ရည်နဲ့ ဆက်သွယ် မေးမြန်းစဉ်မှာ သူက လက်ရှိလွှတ်တော် အနေအထား၊ နိုင်ငံရေး အခင်းအကျင်း၊ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရွေးကောက်ပွဲတွေအကြောင်း ပြောပြထားပါတယ်။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်ရတာလဲ။

ဖြေ။ ။ ပထမတော့ ဝင်ပြိုင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူ့အစိုးရတစ်ရပ်ပေါ်လာပြီ။ အဲ့ဒီအစိုးရကလည်း အနိုင်ရပါတီကနေ တည်ဆောက်ထားတဲ့အတွက် ပြည်သူ့လိုလားချက်တွေ ပီပီပြင်ပြင်နဲ့ အကောင်အထည်ဖော်သွားလိမ့်မယ်၊ တိုးတက်လာမယ့် နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုတာကို မျှော်မှန်းပြီး ဒီကြားဖြတ်ရွေးကောက် ပွဲမှာ တခြားပါတီတွေ ဝင်စရာမလိုဘူးလို့ သုံးသပ်ခဲ့တာ။ ဒါပေမယ့် ထင်ထားတဲ့ပုံစံမျိုး မဖြစ်တဲ့အပြင် အစိုးရနဲ့လွှတ်တော်ညှိပြီးလုပ်တယ်ဆိုတဲ့ ပုံသဏ္ဌာန်တွေ မြင်တွေ့ ကြားနေရတယ်။ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းဖို့ဆိုတဲ့ကဏ္ဍ ပျောက်သလောက်ဖြစ်လာတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကို အစိုးရနဲ့ လွှတ်တော်တို့က ထိန်းကျောင်းဖို့ဆိုတာ ခက်ခဲနေတယ်။ အစိုးရကို လွှတ်တော်က ပြန်ထိန်းကျောင်းရမယ့်ကဏ္ဍပါ ပျောက်တော့မယ်ဆိုရင် တိုင်းပြည်တိုးတက်ဖို့က တုံ့နှေး ခက်ခဲလာလိမ့်မယ်။ ဒါတွေက အားရမှု မရှိတော့ တခြားပါတီက အသံမတူတဲ့ ပြည်သူ့အကျိုးကို ရှေးရှုမယ်သူတွေ အများကြီး လိုအပ်တာ တွေ့မြင်ရတယ်။ အဲ့ဒီဟာကို ဖြည့်ဆည်းပေးဖို့ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကိုချစ်တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်။ ပါတီမရှိတောင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့တောင် လိုအပ်တယ်။ ဒါမှ လွှတ်တော်ထဲမှာ အများကြီး စုံညီနေမယ်။ ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် လစ်လပ်နေရာက ၉ နေရာပဲ ရှိတယ်။ ဒီလို ရှားရှား ပါးပါး နေရာလေးအတွက် တခြားပါတီတွေဟာ အင်တိုက်အားတိုက်နဲ့ ဝင်ပြိုင်ပြီး လွှတ်တော်မှာ ပြည်သူ့အတွက် ရယူသင့်တယ်လို့ မြင်တယ်။

မေး။ ။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို မဲပုံပေးခဲ့ကြတယ်။ အခုလည်း ပြည်သူတွေရဲ့ဆန္ဒက NLD အပေါ် တိမ်းညွတ်နေဦးမယ်လို့ ယူဆသလား။

ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ လစ်လပ်နေရာ ၅ နေရာပါ။ ရန်ကုန်ပြည်သူတွေကလည်း နိုင်ငံရေး ရေချိန်မြင့်တဲ့သူတွေပါ။ NLD ကို တိမ်းညွတ်နေသူတွေလည်း ရှိနိုင်ပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို စိတ်ပျက်နေသူတွေလည်း အများကြီးရှိပါတယ်။ လူကို မကြည့်ဘဲ ပါတီကို မဲပေးတယ်လို့ ပြောခဲ့သူတွေဟာ အခုဆို ငါတို့ လူကိုကြည့်ဖို့ လိုအပ်နေပြီလို့ ယူဆမယ်ဆိုတာကို တထစ်ချယုံကြည်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါတော့ ပါတီကို မကြည့်ဘဲ လူကို ကြည့်ပြီး မဲပေးကြမယ်လို့ ကျွန်တော်တို့ ယူဆလို့ ဝင်ပြိုင်တာပါ။

မေး။ ။ NLD ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုပေးနေတဲ့ပါတီဖြစ်တယ်လို့ အများက ယူဆထားကြတော့ ဒီပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ လွယ်ပါ့မလား။

ဖြေ။ ။ ပြည်သူဆိုတာက မိမိတို့ရဲ့ စားဝတ်နေရေးအောက်မှာ နိစ္စဒူဝ ရုန်းကန် လှုပ်ရှားနေကြရတာပါ။ စစ်အစိုးရဖိနှိပ်နေတုန်းက နိုင်ငံရေးလုပ်ကြသူတွေကို အားပေးကြသူတွေရှိသလို တိုင်းပြည်မှာ ဘာတွေပဲဖြစ်ဖြစ် မိမိစားဝတ်နေရေးကိုပဲ ဦးစားပေးတာတွေလည်း ရှိပါတယ်။ ၂ဝဝ၇ ခုနှစ် သံဃအရေးအခင်းဖြစ်တာကိုတောင် မသိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ဘယ်သူပဲအုပ်ချုပ်၊ တက်လာတဲ့အစိုးရ ငါတို့အစိုးရပဲလို့ ယူဆတဲ့သူတွေ အများကြီး ရှိတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLD ဘက်မှာ တိမ်းညွတ်နေတာတော့ မဟုတ်နိုင်ပါဘူး။

မေး။ ။ NLD နဲ့ NDF ပါတီနှစ်ခုကို နှိုင်းယှဉ်လိုက်ရင် ပြည်သူတွေက ဘယ်ဟာကို ရွေးချယ်လိမ့်မယ်လို့ ယူဆလဲ။

ဖြေ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ တံဆိပ်တွေက အရေးမကြီးဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းရှိမှုတွေက ပိုအဓိကကျလိမ့်မယ်လို့ မျှော်လင့်တယ်။ တံဆိပ်တွေကိုကြည့်နေရမဲ့ အချိန်အခါမဟုတ်ဘူးလို့ ပြောရမယ်။ NLD က ဘာ့ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲကို ဝင်တာလဲလို့ ပြည်သူက မေးရမှာဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက အစိုးရဖွဲ့ချင်လို့ပါ၊ တိုင်းပြည်ရဲ့ ပြည်သူ့အာဏာရချင်လို့ပါလို့ ပြောခဲ့တယ်၊ အခု အစိုးရလည်း ဖွဲ့လို့ အုပ်ချုပ်ရေးအာဏာရနေပါပြီ၊ လွှတ်တော်မှာလည်း အခုထိ မဲအများဆုံးပါပဲ။ အခုကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်ထောင်စုအဆင့်မှာ ၁ဝ ဦးတောင် မပြည့်ပါဘူး။ အခု လွှတ်တော်ထဲကို လူ ၉ဝ လောက် တခြားပါတီကလူတွေ ထည့်လိုက်ရင်လည်း NLD ရဲ့ လွှတ်တော်အတွင်းမဲတွေ လုံးဝ ထိခိုက်မှာမဟုတ်ဘူး။ ဒီနေရာလေးဟာ တခြားပါတီကလူတွေအတွက်ပဲ ဖြစ်ထိုက်တယ်လို့ ကွန်တော် ပြောလိုတယ်။ ဒီလိုပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ က လစ်လပ်တဲ့ မဲဆန္ဒနယ်တွေဟာလည်း သက်ဆိုင်ရာတိုင်းရင်းသားပါတီအဖွဲ့အစည်းတွေက ရသင့်တယ်လို့ မြင်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲက လစ်လပ်နေရာတွေဟာ NLD အတွက် မလိုအပ်တဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာလေးတွေကိုပါ NLD က အကုန်သိမ်းကျုံးယူမယ်ဆိုတဲ့ပုံစံမျိုးက နိုင်ငံရေးအာဏာကို ရသမျှ အကုန်ယူမယ်ဆိုတာမျိုးလားလို့ ဝေဖန်စရာ ဖြစ်နေပါတယ်။

မေး။ ။ ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အရင်လွှတ်တော်နဲ့ NLD အားကောင်းတဲ့ အခုလွှတ်တော်တို့ရဲ့ အခြေအနေကိုလည်း နှိုင်းယှဉ်သုံးသပ်ပေးပါဦး။

ဖြေ။ ။ စစ်အစိုးရကနေ ပြောင်းလဲလာတဲ့ ပထမအကြိမ်လွှတ်တော်ဟာ ရှေ့မှာ နမူနာကြည့်စရာ မရှိပါဘူး။ ခေတ်ဟောင်းကဟာတွေနဲ့ လွှတ်တော်ဆောင်ရွက်ဖို့ ခက်ခဲတယ်။ ကိုယ်စားလှယ်တွေက မိမိတို့ရဲ့ စွမ်းရည်နဲ့ လေ့လာအား၊ နိုင်ငံရေးအင်အားတွေနဲ့သာ လွှတ်တော်ထဲမှာ စွမ်းဆောင်ခဲ့ကြတာဖြစ်တယ်။ အခုလွှတ်တော်က အရင် ၅ နှစ်တာ ကာလက လွှတ်တော်ကို ထိုင်ကြည့်ခဲ့ကြသူတွေဖြစ်တယ်။ အရင်လွှတ်တော်မှာ ၃ နှစ်ခွဲ ဝင်ပါခဲ့တဲ့ NLD ထဲက လူ ၄ဝ ကျော်ဟာ အခုလွှတ်တော်မှာလည်း ဆက်ပါနေကြတာတွေရှိတဲ့အတွက် အခြေခံကောင်း ရထားပြီး ဖြစ်တယ်။ ဒီလိုအခြေအနေတွေမှာ အကြံတူရင် နောက်လူသာစမြဲဖြစ်ရမှာပါ။ အဲ့ဒီအခွင့်အရေး ရှိပါလျက်နဲ့ အရင်လွှတ်တော်ကိုတောင် အခုလွှတ်တော် အခြေ အနေက မမီသေးဘူးလို့ ရှင်းရှင်းပဲ ပြောရမယ်။ ပထမအကြိမ် လွှတ်တော်စကတည်းက ကျွန်တော်တို့တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ စခဲ့ကြပါတယ်။ ပြည်သူတွေ စာပေကင်ပေတိုင်လို့ စွပ်စွဲခဲ့ကြတဲ့ စာပေစိစစ်ရေးကိစ္စနဲ့ ပြန်ကြားရေးကို မေးခွန်းပေါင်းများစွာ မေးခဲ့ပြီး ပြောင်းလဲဖို့ ဆောင်ရွက်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်က ပြန်ကြားရေးဝန်ကြီးကိုတောင် အယုံကြည်မရှိအဆို တင်သွင်းဖို့အထိ ပြောဆိုဆွေးနွေးခဲ့ကြတယ်။ အဲ့ဒီအချိန် လွှတ်တော်ရဲ့စွမ်းဆောင်မှုနဲ့ လွှတ်တော်ဆိုင်ရာခုံရုံးကိုတောင် ဖြုတ်ချနိုင်ခဲ့ပါတယ်။ လွှတ်တော်ကို ထိခိုက်ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး လွှတ်တော်မှာ တရားဝင်လာတောင်းပန်တာလည်း ရှိခဲ့ဖူးပါတယ်။ လွှတ်တော်ကြောင့် အစိုးရက သူ့ရဲ့ဝန်ကြီးတွေကို မညှာမတာ အနားပေးတာတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို ပြောင်းလဲတာတွေ လုပ်နိုင်ခဲ့တယ်။ အစိုးရကို လွှတ်တော်က ထိန်းကျောင်းမှုတွေ တော်တော်လေးလည်း လုပ်နိုင်ခဲ့ တယ်။ အခုလွှတ်တော်ဟာ ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူး။ အရင်လူတွေရဲ့ ခြေရာကိုနင်းပြီးတော့မှ ကောင်းသည်ထက်ကောင်းအောင် မလုပ်နိုင်သေးတာဟာ အရင်နဲ့အခု ကွာခြားမှု တွေပါ။

မေး။ ။ အခု NLD ပါတီက အစိုးရနဲ့ လွှတ်တော် ၂ ခုလုံးကို ထိန်းချုပ်လွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆလဲဗျ။

ဖြေ။ ။ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီက ထိန်းကျောင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ဖြစ်သွားပြီဆိုရင်တော့ ပါတီရဲ့ထိန်းကျောင်းမှုအောက်မှာရှိတာမျိုး မဖြစ်သင့် တော့ဘူး။ သမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးတွေက ပါတီကိစ္စ မလုပ်ရဘူး။ သမ္မတနဲ့ အစိုးရအဖွဲ့ကို ထိန်းကျောင်းနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ ပါတီဥက္ကဋ္ဌ လုပ်သင့်မသင့်ဟာ (အခြေခံ) ဥပဒေ ပြဿနာတစ်ခုဖြစ်နေတယ်။ ဦးသိန်းစိန်တုန်းက ပါတီအစည်းအဝေးတစ်ခုကို သွားတက်လို့ အားလုံးက ဝိုင်းဝေဖန်ကန့်ကွက်တာနဲ့ ပါတီနဲ့ မပတ်သက်တော့ဘဲ ပါတီဥက္ကဋ္ဌတာဝန်ကို သူရဦးရွှေမန်းက ယူခဲ့ရတယ်။ နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အစိုးရနဲ့ ဝန်ကြီးတွေကို လွှမ်းမိုးတာမျိုးတွေ မရှိခဲ့ပါဘူး။ အခုက ပါတီက နေရာတကာ ဝင်ပါပြီး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေတောင် ခင်ဗျားထွက်တော့လို့ ပါတီထိပ်ပိုင်းပုဂ္ဂိုလ်က ပြောနိုင်တယ်ဆိုတာ အတော့်ကို အံ့သြဖို့ကောင်းတယ်။ ။

Show More

Related Articles

Back to top button