အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် ဥတ္တရသီရိမြို့နယ် EPC ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခံရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကို လုံခြုံရေးတင်းကျပ်ထားသော်လည်း ဥတ္တသီရိမြို့နယ် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (EPC) ရုံးကို ယနေ့ (နိုဝင်ဘာ ၆) နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။

EPC ရုံးသို့ ဒေသခံပြည်သူတို့ အဝင်အထွက်မရှိသည့် စနေရုံးပိတ်ရက်ကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးမှာ ရုံးအတွင်း ပေါက်ကွဲခဲ့သည်ဖြစ်၍ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြောက်ကျားအဖွဲ့တာဝန်ခံ ဗိုလ်တေဇက ပြောသည်။

“စစ်အာဏာရှင်လက်ထက်မှာ ပြည်သူတွေ ၉၀ ရာခိုင်နှုန်းလောက်က အခွန်အခမပေးချင်ကြဘူး။ အဲဒီအတွက် သူတို့က လက်နက်ပြပြီးတော့မှ ပြည်သူတွေဆီက မီတာကြေးလိုက်ကောက်နေတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အဲဒီဝန်ထမ်းတွေကို တိုက်ခိုက်တဲ့သဘော။ သူတို့လုပ်ချင်တိုင်း လုပ်လို့မရအောင်လို့ တိုက်ခိုက်တဲ့သဘောပဲ”ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ခုစလုံးတွင် လျှပ်စစ်မီတာခများကို သတ်မှတ်ချိန်အတွင်း ပေးဆောင်ရန် လက်နက်ကိုင်စစ်သားများနှင့်အတူ EPC က လိုက်လံနှိုးဆော်ကာ မီတာမဆောင်လျှင် မီးဖြတ်နေချိန်တွင် ပေါ်ပေါက်ခြင်းဖြစ်သည်။

အိမ်သုံးမီတာခဆောင်ရန် ပျက်ကွက်ရခြင်းမှာ ပြည်သူကို ပစ်ခတ်သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ငွေရလမ်းကြောင်း ဖြတ်တောက်လိုခြင်း၊ အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ဘေးကြောင့် ဝင်ငွေထိခိုက်ခြင်း စသည့် အကြောင်းများမှာ အဓိကဖြစ်သည်။

ဒက္ခိဏသီရိမြို့နယ်မှ ဒေသခံတစ်ဦး၏ အဆိုအရ နိုဝင်ဘာ ၁ တွင် ၎င်းနေထိုင်ရာသို့ လက်နက်ကိုင် စစ်သား ၇ ဦးခန့်ပါသည့် Light Truck ကားဖြင့် ရောက်လာသော EPC ဝန်ထမ်းက မီတာခဆောင်ရန် သတိပေးခဲ့ကြောင်း သိရသည်။

“မီတာခဆောင်ဖို့ နိုဝင်ဘာ ၁၆ နောက်ဆုံးဆိုတော့ မီတာရုံးတွေ ကြိတ်ကြိတ်တိုးပဲ။ ဒီနေ့လည်း မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး ပတ်အော်နေတုန်း ကားနဲ့” ဟု ဒက္ခိဏသီရိမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့ကလည်း တပ်ကုန်းမြို့နယ် လျှပ်စစ်ရုံးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထိခိုက်၊ ပျက်စီးမှု အသေးစိတ်အခြေအနေကိုမူ မသိရသေးပေ။ 

မီတာခ အတင်းအကျပ်ကောက်ခံနေသည့် EPC ရုံးများတိုက်ခိုက်ခံရသည့် အလားတူဖြစ်စဉ်မျိုး ရန်ကုန်တွင်လည်း ရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်နေသည့် နိုင်ငံအနှံ့ ဒေသများတွင် အစိုးရ၊ လွှတ်တော်နှင့် စစ်ရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်လည်း ပါဝင်သည်။

စက်တင်ဘာ ၃၀ တွင် ဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိမြို့နယ်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ရှိ ပစ္စည်းဝယ်ယူရေးဌာန ညွှန်ကြားရေးမှူးရုံး ဗုံးပေါက်ကွဲမှုမှာ ထင်ရှားသည်။ ထို့အတူ နေပြည်တော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်းရှိသည်။

နေပြည်တော်အတွင်း PDF များ၏ တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button